သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီး Vitaly I. Churkin ရုတ်တရက် ကွယ်လွန်


Vitaly I. Churkin
Vitaly I. Churkin

ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီးအဖြစ် ကာလရှည်ကြာစွာ တာဝန်ထမ်းဆောင်လာခဲ့သူ Vitaly I. Churkin ဟာ သူ့ရဲ့ ၆၅ နှစ်မြောက် မွေးနေ့မတိုင်ခင် တရက်အလိုဖြစ်တဲ့ မနေ့က တနင်္လာနေ့မနက်က နယူးယောက်မြို့မှာ ရုတ်တရက်ကွယ်လွန်ခဲ့ပါတယ်။

သူကွယ်လွန်သွားပြီဖြစ်ကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ရာမှာ ဖြစ်ပျက်ပုံအသေးစိတ်ကို ဖော်ပြခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့် ကုလသမဂ္ဂဆိုင်ရာ လက်ထောက်သံအမတ်ကြီး Vladimir Safronkov က သံအမတ်ကြီး Churkin ဟာ ရုရှားသံရုံးမှာ တင် ရုတ်တရက် လဲကျသွားခဲ့တယ်လို့ သတင်းမီဒီယာကို ပြောခဲ့ပါတယ်။ နောက်ဆုံးရရှိတဲ့သတင်းတွေအရ သံအမတ်ကြီးဟာ နှလုံးရောဂါနဲ့ နယူးယောက်မြို့ Presbyterian ဆေးရုံမှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။

သံအမတ်ကြီး ကွယ်လွန်ခဲ့တာနဲ့ပတ်သက်လို့ ၇၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးမှာ ခေတ္တ ငြိမ်သက်ပြီး အဖွဲ့ဝင်နိုင်ငံ အားလုံးတို့က ဂါရဝ ပြုခဲ့ကြပါတယ်။အထွေထွေညီလာခံ ဥက္ကဋ္ဌ Peter Thompson ကအခုလို ပြောပါတယ်။

“သံအမတ်ကြီးကွယ်လွန်မှုနဲ့ပတ်သက်ပြီး ကျနော်တို့အားလုံး အံ့အားသင့် တုန်လှုပ်ကြပြီး သိပ်ကို ဝမ်းနည်းကြေကွဲကြရပါတယ်။ ကျနော်တို့အနေနဲ့ ကုလသမဂ္ဂ မိသားစုမှာ လေးစားခံရဆုံး၊ လွှမ်းမိုးမှုအရှိဆုံး အဖွဲ့ဝင်တွေအနက် တဦးကို ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။ သူ့ရဲ့နာမည်ဟာ ကုလသမဂ္ဂသမိုင်းမှာ ကျန်ရစ်မှာဖြစ်တယ်လို့ ကျနော် အပြည့်အဝ ယုံကြည်မှုနဲ့ ပြောနိုင်ပါတယ်။”

ကုလသမဂ္ဂသံတမန်တွေကလည်း- သူတို့အနေနဲ့ အခုလို မစ္စတာ Vitaly Churkin ရုတ်တရက်ကွယ်လွန်သွားတာကို ကြားသိရတဲ့အတွက် တုန်လှုပ် မိကြောင်းနဲ့ ဝမ်းနည်းကြေကွဲရပါကြောင်း လူမှုရေးကွန်ယက်ကနေ ချက်ခြင်း ရေးသားဖော်ပြခဲ့ကြပါတယ်။

“ကျနော့်မိတ်ဆွေလည်းဖြစ်၊ လုပ်ဖော်ကိုင်ဖက်တဦးလည်းဖြစ်တဲ့ Vitaly Churkin ရဲ့နာရေးသတင်းကိုကြားရတဲ့အတွက် အထူးပဲ ယူကျုံးမရ ဝမ်းနည်းရပါတယ်။ အင်မတန် ထူးခြားပြီး အံ့သြဖွယ်ရာ အရည်အချင်းများရှိတဲ့ သံအမတ်ကြီး ကောင်းရာသုဂတိလားပါစေ …” လို့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်အထူးသံကိုယ်စားလှယ် Matthew Rycroft က တွစ်တာ စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ ဆွီဒင် သံအမတ် Olof Skoog ကလည်း “ကျနော်တို့ရဲ့ ခင်မင်ရတဲ့မိတ်ဆွေကြီး Vitaly Churkin ကွယ်လွန်သွားတဲ့ သတင်းကို ကြားလိုက်ရတဲ့အတွက် ထိတ်လန့်တုန်လှုပ်မိပါတယ်။ သူ့ကို အထူး သတိရလွမ်းဆွတ်နေကြမှာပါ။ သူ့မိသားစုကို အထူးဝမ်းနည်း ကြေကွဲရပါကြောင်း ပြောကြားလိုပါတယ်။” လို့ ဖော်ပြရေးသားခဲ့ပါတယ်။


ကုလဆိုင်ရာ အမေရိကန် သံအမတ်သစ် Nikki Haley ကလည်း အထူးပင် ကြေကွဲဝမ်းနည်းကြောင်းနဲ့ - “ကျမတို့ တယောက်နဲ့တယောက် အမြဲတမ်း သဘောထားတိုက်ဆိုင်ခဲ့ကြတာမဟုတ်ပေမယ့် သူ့နိုင်ငံအတွက်တော့ သူက အလွန်ကို ကျွမ်းကျင်ပါးနပ်တဲ့ အရည်အချင်းတွေ ရှိတယ်ဆိုတာကတော့ မေးခွန်းထုတ်စရာတောင် မလိုတဲ့သူပါ။ ကျမတို့က သူ့အတွက် ဆုမွန်ကောင်းတွေတောင်းပေးပါတယ်။ သူ့အတွက် လည်း သူ့မိသားစုနဲ့ ရုရှားပြည်သူတွေနဲ့ထပ်တူ ခံစားရပါကြောင်းလည်း ပြောကြားလိုပါတယ်” လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံဥက္ကဋ္ဌ Peter Thomson ရဲ့ ကြေညာချက်မှာလည်း သူ့အနေနဲ့ “အထူးပင် ကြေကွဲဝမ်းနည်းကြောင်းနဲ့ ရုရှား ပြည်ထောင်စုနဲ့ ကုလသမဂ္ဂအဖွဲ့ကြီးအတွက် သားကောင်းရတနာတဦး ၊ နိုင်ငံတကာက အားကိုးထိုက်တဲ့ ပညာရှင်တဦးကို ဆုံးရှုံးခဲ့ရတာပါပဲ” လို့ ဖော်ပြခဲ့ပါတယ်။

Vitaly Ivanovich Churkin ဟာ ၁၉၅၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က မော်စကိုမြို့မှာ မွေးဖွားခဲ့ပါတယ်။ သူ့ရဲ့ ငယ်ဘဝမှာ အနည်းဆုံး ရုပ်ရှင် သုံးကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ၂ ကားကတော့ ဆိုဗီယက် တော်လှန်ရေးခေါင်းဆောင် Vladimir Lenin ရဲ့အကြောင်း ဇာတ်ကားတွေ ဖြစ်ပါတယ်။

သူဟာ နိုင်ငံတကာဆက်ဆံရေးအထူးပြုနဲ့ မော်စကိုတက္ကသိုလ် က ၁၉၇၄ ခုမှာ ဘွဲ့ရရှိခဲ့ပြီး USSR သံတမန်ရေးရာ အထူးပညာရပ်သင် ကောလိပ်မှာ သမိုင်း ဘာသာနဲ့ ၁၉၈၁ ခုနှစ်က ပါရဂူဘွဲ့ကိုရရှိခဲ့ပါတယ်။

မစ္စတာ Churkin ဟာ ၁၉၇၄ ခုနှစ်မှာ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ စတင်အမှုထမ်းချိန်ကစလို့ ရုရှားသံတမန်တယောက်အနေနဲ့ လွန်စွာ ဂုဏ်သိက္ခာကြီးမားခဲ့သူဖြစ်ပါတယ်။ ၁၉၉၀ ပြည့် အစောပိုင်းကာလတွေမှာ ထိုစဉ်က ယူဂိုဆလပ်ဗီးယားနိုင်ငံဟောင်းနဲ့ ပြောဆိုဆွေးနွေးဖို့ အစိုးရရဲ့ အထူးကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ၁၉၉၄ ခုနှစ်ကနေ ၁၉၉၈ ခုနှစ်အထိ ဘယ်လ်ဂျီယံဆိုင်ရာ ရုရှားသံအမတ် အဖြစ် ၊ ၁၉၉၈ ခုနှစ်ကနေ ၂၀၀၃ ခုနှစ်အထိ ကနေဒါဆိုင်ရာ ရုရှားသံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

၂၀၀၆ ခုနှစ်မှာ ထိုစဉ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ကိုဖီအာနန်လက်ထက်မှာ ကုလသမဂ္ဂဆိုင်ရာ ရုရှား သံအမတ်ရာထူးကို စတင်ယူခဲ့ပြီး အခု ကွယ်လွန်ချိန်အထိ ဒီတာဝန်ကို ထမ်းဆောင်သွားခဲ့တာ ဖြစ်ပါတယ်။ ဆယ်နှစ်ကျော်ကာလအတွင်း မစ္စတာ Churkin ဟာ ကုလသမဂ္ဂမှာ သံအမတ်ကြီးအဖြစ် လုပ်ဖော်ကိုင်ဘက်တွေရဲ့ လေးစားမှုကိုလည်း ကျယ်ကျယ်ပြန့်ပြန့်ရရှိခဲ့သူ ဖြစ်ပြီး ရုရှားနဲ့ ဆက်ဆံရေးမပြေမလည်ဖြစ်ခဲ့တဲ့ အစိုးရတွေကတောင်မှ လေးစားခြင်းခံရသူလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ခြောက်နှစ်တာကာလအတွင်း ရုရှားက ခရိုင်းမီးယားဒေသကို သိမ်းပိုက်ခဲ့တာနဲ့ ဆီးရီးယားသမ္မတ Bashar al-Assad ကို ထောက်ခံပံ့ပိုးခဲ့တာတွေကြောင့် ကမ္ဘာ့အလယ်မှာ ပိုပြီး အထီးကျန်ဖြစ်လာတာနဲ့အမျှ သူထမ်းဆောင်ရတဲ့ တာဝန် ဟာလည်း ပိုပြီး ခက်ခဲလာခဲ့ပါတယ်။

သူဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအစည်းဝေးတွေအတွင်း အမေရိကန်သံအမတ်ဟောင်း Samantha Power နဲ့ မကြာခနဆိုသလို ထိပ်တိုက်ရင်ဆိုင်ခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ဆီးရီးယားနိုင်ငံ၊ အလက်ပိုမြို့ကို အဝိုင်းခံထားရတဲ့ အခြေအနေမှာ ကျင်းပခဲ့တဲ့ အခြေအတင်အငြင်းပွားတဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးတခုမှာ မစ္စ် Power က ဆိုဗီယက်ကို - အချက် အလက်တွေ ပေးဖို့ ငြင်းပယ်တာနဲ့ အချက်အလက်တွေ ရှုပ်ထွေးအောင် လုပ်ခဲ့တာတွေ၊ နောက်ပြီး အရပ်သားတွေကို တိုက်ခိုက်မှုတွေ အပေါ်မှာ အားပေးကူညီခဲ့တာတွေနဲ့ပတ်သက်လို့ ဝေဖန် ပြောကြားခဲ့ပါတယ်။ မစ္စတာ Churkin ကလည်း မစ္စ် ပါဝါအသံက Mother Teresa အသံမျိုးနဲ့ ရုရှားကို ဆူပူနေတယ်လို့ တုံ့ပြန်ခဲ့ပြီး ကိုယ့်တိုင်းပြည်ရဲ့မှတ်တမ်းကိုလည်း ပြန်ပြီးသုံးသပ်ကြည့်ဖို့ သတိရပါ - လို့လည်း တိုက်တွန်းခဲ့ပါတယ်။

မစ္စတာ Churkin ဟာ စေ့စပ်ညှိနှိုင်းမှုတွေမှာ အလွန် ခေါင်းမာသူဖြစ်ပြီး လူချစ်လူခင်များတဲ့ ထူးချွန်တဲ့ သံတမန်တဦးလည်း ဖြစ်ခဲ့ပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov အငြိမ်းစားယူတဲ့အခါ အဲဒီရာထူးနေရာကို သူရလိမ့်မယ်လို့ အများက ယူဆထားခံရသူလည်း ဖြစ်ပါတယ်။မစ္စတာ Vitaly Churkin ကွယ်လွန်ချိန်မှာ သူ့ဇနီး Irina နဲ့ သားသမီး ၂ ဦး ကျန်ရစ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG