လက်နက်ရောင်းဝယ်သူ ရုရှားလူမျိုး ဗစ်တာ ဘောက် (Viktor Bout) ကို အမေရိကန်ကို လွှဲပြောင်းပေးဖို့အတွက် အတားအဆီး ဖြစ်နေခဲ့တာက ထိုင်းတရားရုံး ဆုံးဖြတ်ချက်ကြောင့် ကျော်သွားနိုင်ပြီ ဖြစ်ပါတယ်။
ငွေဖြူလုပ်မှု၊ လိမ်လည်ငွေလွှဲမှုနဲ့ လက်နက်ရောင်းဝယ်သူ ရုရှားနိုင်ငံသား ဗစ်တာ ဘောက်အပေါ် စွပ်စွဲထားချက်တွေကို သက်သေ မခိုင်လုံတဲ့အတွက် ထိုင်းတရားရုံးက အမှု ပလပ်လိုက်ပါတယ်။
အမေရိကန်ကို လွှဲပြောင်းပေးတာ ကဖျက်ယဖျက်ဖြစ်အောင် လုပ်ဖို့အတွက် တရားရုံး ဆုံးဖြတ်ချက်ကို အယူခံဝင်မယ်လို့ ဘောက်ရဲ့ ရှေ့နေတွေက ပြောပါတယ်။
ဒါပေမဲ့ အခုလို အမှု ပလပ်လိုက်တာနဲ့ ပတ်သက်ပြီး အစိုးရ ရှေ့နေတွေကပဲ အယူခံ ၀င်နိုင်ပါတယ်လို့ အစိုးရ ရှေ့နေတွေက AP သတင်းဌာနကို ပြောပါတယ်။
ယခင် အစောပိုင်း စွဲဆိုထားချက်တွေအရ ဘောက်ကို အမေရိကန်ကို လွှဲပြောင်းပေးဖို့ ထိုင်းနိုင်ငံရဲ့ တရားရုံးချုပ်က သြဂုတ်လအတွင်းက ဆုံးဖြတ်ခဲ့တာပါ။ ဒါပေမဲ့ အဲဒီဆုံးဖြတ်ချက် မကျမီလေးမှာပဲ ဒီလို ဆုံးဖြတ်ချက်မျိုး ကျလာမှာကို စိုးရိမ်ပြီး အမေရိကန်က ဘောက်အပေါ် စွဲဆိုချက် အသစ်တွေနဲ့ ထပ်ဖြည့် စွဲဆိုဖို့ ထိုင်းအစိုးရ ရှေ့နေတွေကို ပြောခဲ့ပါတယ်။ အဲဒီ စွဲဆိုချက် အသစ်တွေကို ဘန်ကောက် ရာဇ၀တ်မှုရုံးက အင်္ဂါနေ့မှာ ပယ်ချခဲ့တာပါ။
ဘောက်ကို အမေရိကန်ကို လွှဲပြောင်းပေးဖို့အတွက် အမေရိကန်က ကြိုးစားနေတာတွေကို ရုရှားက ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။
ယခင်က ဆိုဗီယက်လေတပ် အရာရှိတယောက် ဖြစ်ခဲ့တဲ့ ဘောက်မှာ ရုရှားနိုင်ငံ လုံခြုံရေးနဲ့ ပတ်သက်တဲ့ သတင်းတွေ ရှိနေတယ်လို့ ယူဆကြပါတယ်။