သုံးရလွယ်ကူစေသည့် Link များ

အာဆီယံ-ရုရှား ထိပ်သီးညီလာခံ ဒေါ်စုတက်မည်မဟုတ်


သမ္မတ ဦးထင်ကျော် နှင့် နိုင်ငံတော် အတိုင်ပင်ခံလည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီး လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်။

ရုရှားနိုင်ငံ ဆိုချီမြို့မှာ မေလ ၁၉ရက်နေ့ကနေ ၂ရက်ကြာ ကျင်းပမယ့် အာဆီယံ- ရုရှား ထိပ်သီးဆွေးနွေးပွဲကို သမ္မတ ဦးထင်ကျော် တက်ရောက်မှာ ဖြစ်ပေမဲ့ နိုင်ငံတော် အတိုင်ပင်ခံလည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီး လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် လိုက်ပါမှာ မဟုတ်ဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အာဆီယံနဲ့ ထိပ်သီးညီလာခံ ကျင်းပမယ့် ရုရှားနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ကြား သံတမန် ဆက်ဆံရေး အခြေအနေတွေကိုတော့ ဗွီအိုအေ သတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြထားပါတယ်။

ရုရှားနိုင်ငံ ဆိုချီမြို့မှာ မေလ ၁၉ရက် နဲ့ ၂၀ရက် နှစ်ရက်ကြာ ကျင်းပမယ့် အာဆီယံ- ရုရှား ဆက်ဆံရေး နှစ် ၂၀ ပြည့် ထိပ်သီးအစည်းအဝေးပွဲကို သမ္မတ ဦးထင်ကျော် တက်ရောက်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြည်တွင်းမှာ ဦးစားပေးရမယ့် လုပ်ငန်းတွေနဲ့ အစီအစဉ်တွေရှိတာကြောင့် လိုက်ပါမှာမဟုတ်ဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေး ဆိုခွင့် အဖွဲ့က ဒေါ်အေးအေးစိုးက ပြောပါတယ်။

“အာဆီယံလည်းကျမတို့အတွက်အရေးကြီးတယ်လေ။ အခုက စင်္ကာပူဆိုတာလည်း ကျမတို့အတွက်က အာဆီယံနိုင်ငံအနေနဲ့ရော ၊ စင်္ကာပူ ဒီလာတော့ ၂ ခုစလုံး သူ့ Visit မှာရှိဖို့လိုတာရယ် နောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကလည်း ကျမတို့အစိုးရကို ထောက်ခံကြောင်းလာပြောတဲ့ခရီးစဉ်ဆိုတော့ အဲဒါလည်းအလေးထားပါတယ်။ ဒါပေမယ့် ဒီဟာက summit ဆိုတော့ အရေးကြီးဆုံးပုဂ္ဂိုလ်က သမ္မတပါရှင့် ။ summit အဆင့်တက်ဖို့ သူ့ကို support ပေးတဲ့အနေနဲ့ ကျမတို့ဆိုင်ရာဝန်ကြီးတွေလိုက်တာပါ။ ဒါပေမယ့် အဓိကတော့ သမ္မတ ခရီးစဉ်ဖြစ်ဖို့ပါ။ ဒါကခေါင်းစဉ်ကိုကလည်း summit ပါရှင့်။”

အခု ရက်ပိုင်းအတွင်း စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ မြန်မာပြည်တွင်းခရီးစဉ်တွေလည်း ရှိနေပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီအနေနဲ့လည်း မေလ ၂၂ရက်နေ့မှာ မြန်မာနိုင်ငံကို လာရောက်ဖို့ ရှိနေပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားတဲ့ အရပ်သားဦးဆောင် တဲ့ အစိုးရအပေါ် အမေရိကန်ပြည်ထောင်စု ရဲ့ ထောက်ခံမှုကို ပြသဖို့ နေပြည်တော် မှာ မြန်မာနိုင်ငံရဲ့ အဓိက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံသွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

သမ္မတဦးထင်ကျော်ရဲ့ ရုရှားခရီးစဉ်မှာ အာဆီယံ အသိုက်အဝန်း ဖြစ်မြောက်ရေး ကိစ္စအပါအဝင် အာဆီယံ- ရုရှား ထိပ်သီးဆွေးနွေးပွဲမှာ ထုတ်ပြန်မယ့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှု ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ "ဆိုချီကြေညာချက်" ကို ဘယ်လို အကောင်အထည် ဖော်ကြမလဲ ဆိုတာ ဆွေးနွေး သွားဖို့ရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာရဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့်က ပြောပါတယ်။

“ကျနော်တို့ကတော့ အပိုင်း၂ ပိုင်းပေါ့နော်။ အာဆီယံပိုင်းနဲ့ political ပိုင်း ၂ ပိုင်းရှိတာပေါ့။ အာဆီယံ ပိုင်းမှတော့ ဘာလဲဆိုတော့ အာဆီယံနိုင်ငံတွေနဲ့ ရုရှားနဲ့ ကျနော်တို့ကနေပြီးတော့ statement တခုထုတ်ဖို့ရှိမယ်။ ကြေညာချက်နာမည်က ဆိုချီကြေညာချက်ပေါ့နော်။ အဲဒီကြေညာချက်ပေါ်မှာ ဘယ်လိုဆက်ပြီးတော့ အကောင်အထည်ဖော်မလဲဆိုတဲ့ Plan of action ပေါ့နော်။ အဲဒီ Plan of action က ပုံမှန် ၅ နှစ်တကြိမ်ရှိမယ်။ ၅ နှစ်တကြိမ်လုပ်တာပေါ့နော်။ ဒါကြောင့်မို့လို့ ၂၀၁၆-၂၀၂၀ အဲဒီကာလအတွက်လုပ်မယ့် Plan of action ဆိုတာလည်း ကျနော်တို့ ထုတ်ဖို့ရှိတယ်။ Bilateral ပိုင်းကတော့ ကျနော်တို့နိုင်ငံရေးကတော့ ရုရှားသမ္မတနဲ့ မြန်မာသမ္မတ တွေ့ဖို့တော့ သူတို့ handle လုပ်ပါလိမ့်မယ်။”

သမ္မတဦးထင်ကျော်ရဲ့ ခရီးစဉ်အတွင်းမှာတော့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် နဲ့လည်း သီးခြား တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့လည်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ မြန်မာနိုင်ငံလွှတ်တော်က အတည်ပြုခဲ့တဲ့ ၂ နိုင်ငံကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို အာရုံစိုက် ဆောင်ရွက်ဖို့တော့ မရှိဘူးလို့လည်း ဦးအောင်မျိုးမြင့်က ပြောပါတယ်။

“ကျနော်နားလည်တာက ဘာလဲဆိုတော့ အခုကိစ္စက အာဆီယံ ကိစ္စပဲလေ။ အာဆီယံဆိုတာက ကျနော်တို့ အာဆီယံ ၁၀ နိုင်ငံနဲ့ ရုရှား ပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စပဲ ဆွေးနွေးမှာပေါ့နော်။ Bilateral အစီးအဝေးတွေကတော့ သီးခြားရှိမယ်မထင်ဘူးခင်ဗျ။ ဥပမာအားဖြင့် ၂ နိုင်ငံကြားမှာ စာချုပ်ချုပ်မယ့် ကိစ္စတွေရှိမယ်လို့မထင်ပါဘူး။”

မြန်မာ - ရုရှား စစ်ဘက်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ အစီအစဉ်တွေကိုတော့ ၂၀၁၃ ခုနှစ်က ရုရှား ကာကွယ်ရေးဝန်ကြီး Sergey Shoigu ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ ကတိပြု ထားခဲ့ကြတာလည်း ဖြစ်ပါတယ်။

စိတ်ဝင်စားဖွယ် ...

XS
SM
MD
LG