သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားတွင်း ရုရှားစစ်ရေးမြှင့်တင်မှု NATO ဝေဖန်


 မြောက်အတ္တလန္တိတ်စာချုပ် NATO အဖွဲ့ အကြီးအကဲ Jens Stoltenberg
မြောက်အတ္တလန္တိတ်စာချုပ် NATO အဖွဲ့ အကြီးအကဲ Jens Stoltenberg

ဆီးရီးယားနိုင်ငံမှာ ရုရှားက စစ်ရေးလုပ်ဆောင်မှုတွေ စိုးရိမ်ဖွယ် တိုးမြှင့်လာတဲ့ အပေါ် မြောက်အတ္တလန္တိတ်စာချုပ် NATO အဖွဲ့ အကြီးအကဲက ပြစ်တင် ဝေဖန် လိုက်ပါတယ်။ ဆီးရီးယားသူပုန်တွေကို ရုရှားက လေကြောင်းကနေ တိုးမြှင့်တိုက်ခိုက်နေတဲ့ တစိတ်တပိုင်းအဖြစ် ပဲ့ထိန်းဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့အပြီး နောက်တရက်မှာပဲ NATO အကြီးအကဲက ပြောတာပါ။

NATO ကာကွယ်ရေးဝန်ကြီးတွေရဲ့ အစည်းအဝေးတခုကိုတက်ဖို့ ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်စ်မြို့ကို ဒီကနေ့ ရောက်လာ ချိန်မှာ Jens Stoltenberg က ပြော တာဖြစ်ပါတယ်။ ဆီးရီးယားပြည်တွင်းစစ်မှာ ရုရှားရဲ့ ဝင်ရောက်စွက်ဖက်မှုဟာ အစည်းအဝေး မှာ အဓိကဆွေးနွေးမယ့်အကြောင်းအရာဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။

ဆီးရီးယားကို လေကြောင်းကတိုက်ခိုက်တာမှာ ပါဝင်နေတဲ့ ရုရှားတိုက်လေယာဉ်တွေ ဟာ ဒီသီတင်းပတ်အတွင်း တူရကီ လေပိုင် နက်ထဲကို ချိုးဖောက် ဝင်ရောက်ခဲ့တယ်ဆိုတဲ့သတင်းကြောင့် ဒီကိစ္စက ပိုပြီး အရေးကြီးလာနေတာပါ။ တူရကီဟာ အမေရိကန် ပြည်ထောင်စုရဲ့ စစ်ဘက်မဟာမိတ် နိုင်ငံတခုဖြစ်ပါတယ်။

NATO အဖွဲ့ဟာ အဆင်သင့်ရှိနေပြီး တူရကီနိုင်ငံအပါအဝင် မဟာမိတ်တွေအားလုံးကို ဘယ်လိုခြိမ်းခြောက်မှုမျိုးတွေကနေမဆို ကာကွယ်နိုင်စွမ်းရှိတယ်လို့ Stoltenberg ကပြောပါတယ်။ NATO အဖွဲ့ရဲ့စွမ်းရည်၊ လုပ်ဆောင်နိုင်စွမ်းတွေကို တိုးမြှင့်ထားပြီး တူရကီနိုင်ငံနဲ့ တောင်ပိုင်းဒေသတွေဆီအပါအဝင် တပ်ဖွဲ့တွေလွှတ်ဖို့ နေတိုးအဖွဲ့က လုပ်ထားပြီးပြီလို့ သူကဆိုပါတယ်။

ဆီးရီးယားမှာ ရုရှားအနေနဲ့ အပြုသဘောဆောင် အခန်းကဏ္ဍကနေပါဝင်ဖို့ သူတိုက်တွန်းထားကြောင်း နေတိုးအဖွဲ့ ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေးအပြီးမှာ Stoltenberg က သတင်းထောက်တွေကိုပြောပါတယ်။

XS
SM
MD
LG