သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီယားမှာ ရုရှားလေကြောင်း ထိုးစစ် စတင်


ရုရှားသမ္မတ လေကြောင်းထိုးစစ်စတင်ဖို့ ဆုံးဖြတ်ချက်ချ (မော်စကို၊ စက်တင်ဘာ ၂၉)
ရုရှားသမ္မတ လေကြောင်းထိုးစစ်စတင်ဖို့ ဆုံးဖြတ်ချက်ချ (မော်စကို၊ စက်တင်ဘာ ၂၉)

ဆီးရီးယားနိုင်ငံမှာ ရုရှားက လေကြောင်းတိုက်ခိုက်မှုတွေ စလုပ်လိုက်ပြီလို့ အမေရိကန်တာဝန်ရှိသူတွေကပြောပါတယ်။ သမ္မတ ဘာရှာ အယ်လ်-အာဆဒ်အစိုးရကို အကူအညီပေးဖို့ တပ်ဖွဲ့တွေစေလွှတ်ခွင့်ပြုရေး ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ရဲ့ ပန်ကြား ချက်ကို ရုရှားအထက်လွှတ်တော်က အတည်ပြုပေးလိုက်အပြီး နာရီပိုင်းအတွင်းမှာ အဲဒီလိုတိုက်ခိုက်တာပါ။

Homs မြို့နားမှာ လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဖို့ စီစဉ်ထားတယ်ဆိုတာကို ရုရှား စစ်ဘက်တာဝန်ရှိသူတဦးက အမေရိကန် ပြည်ထောင်စုကို အသိပေးခဲ့တယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန်တာဝန်ရှိသူတွေကပြောပါတယ်။ ဆီးရီးယားမှာ စစ်ရေး လုပ်ဆောင်မှုတွေကို ပိုပြီးအနီးကပ် ညှိနှိုင်းလုပ်ဆောင်ရေးကိစ္စ သမ္မတပူတင်နဲ့ သမ္မတ ဘရာ့ခ် အိုဘားမားတို့ နယူးယောက်မြို့ မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြအပြီး နှစ်ရက်အကြာမှာ ရုရှားဘက်က အဲဒီလို အသိပေးခဲ့တာပါ။

ရုရှားအထက်လွှတ်တော်ရဲ့ အတည်ပြုချက်ဟာ ဆီးရီးယားမှာ ရုရှားလေတပ်ကို အသုံးပြုဖို့ဖြစ်တယ်လို့ ရုရှားအစိုးရအဖွဲ့ ပြောခွင့်ရ တဦးက နိုင်ငံပိုင် ရုပ်သံသတင်းဌာနကနေပြောပါတယ်။

ရုရှားနိုင်ငံဟာ ဗုံးကျဲလေယာဉ်တွေ၊ ဂျက်တိုက်လေယာဉ်တွေ၊ တပ်ဖွဲ့တွေကို ဆီးရီးယား အရှေ့မြောက်ပိုင်းဒေသကိုပို့ပြီး ဆီးရီးယားနိုင်ငံထဲမှာ စစ်အင်အားတွေ တည်ဆောက်နေခဲ့တယ်လို့ အမေရိကန် ပန်တဂွန်စစ်ဌာနချုပ် တာဝန်ရှိသူတွေက ပြော ထားပါတယ်။

အကြမ်းဖက် ဝါဒကိုတိုက်ဖျက်ဖို့အတွက် သမ္မတ အာဆဒ် အာဏာဆက်ရနေသင့်တယ်လို့ သမ္မတပူတင်က ပြောထားဖူးပါတယ်။

XS
SM
MD
LG