သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မော်စကိုလေဆိပ် အသေခံ ဗုံးခွဲမှု သေဆုံးသူဦးရေ တိုး


မော်စကိုလေဆိပ် အသေခံ ဗုံးခွဲမှု သေဆုံးသူဦးရေ တိုး

ရုရှားနိုင်ငံ မော်စကိုမြို့ အကြီးဆုံး လေဆိပ်ရဲ့ နိုင်ငံတကာ ဆိုက်ရောက် ခန်းမဆောင်မှာ အသေခံ ဗုံးခွဲတိုက်ခိုက်မှုကြောင့် ပေါက်ကွဲမှုဖြစ်ပြီး လူပေါင်း အနည်းဆုံး ၃၅ ဦး သေဆုံးသွားပါတယ်။

Domodedovo လေဆိပ်ရဲ့ လူစည်ကားတဲ့ ခန်းမဆောင်အတွင်း လူတဦးဟာ လက်ဆွဲသေတ္တာကို ကိုင်ဆောင် ၀င်ရောက်လာပြီးနောက် ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ မျက်မြင်တွေက ပြောပါတယ်။ ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူပေါင်း ၁၄၅ ဦး ဒဏ်ရာရသွားပါတယ်။

ပေါက်ကွဲမှုဖြစ်စဉ်ကို စောင့်ကြည့်ကင်မရာက ရိုက်ကူးထားပြီး အခုဗုံးကွဲမှုနဲ့ ဆက်နွယ်နေတဲ့ လူ ၃ ဦးကိုလည်း အာဏာပိုင်တွေက ရှာဖွေနေတယ်လို့ ရုရှားသတင်းတွေမှာ ကြေညာပါတယ်။ ပေါက်ကွဲမှုကြောင့် ဂယောက်ဂယက် ဖြစ်နေတဲ့ သွေးစွန်းနေတဲ့ မြင်ကွင်းတွေကို မြင်ရပြီး ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ပြန့်ကျဲနေတာကိုလည်း တွေ့ရပါတယ်။

အသေခံ ဗုံးခွဲသူလို့ ယူဆရသူ ဦးခေါင်းကိုတော့ ပေါက်ကွဲမှုဖြစ်တဲ့ နေရာမှာပဲ တွေ့ရတယ်လို့ လုံခြုံရေး အာဏာပိုင်တဦး ပြောဆိုချက်ကို INTERFAX သတင်းမှာ ကိုးကား ဖော်ပြထားပါတယ်။

ဒါဟာ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်တယ်ဆိုပြီး ရုရှားသမ္မတ ဒီမီထရီ မက်ဗီဒက်ဘ် (Dmitry Medvedev) က ဝေဖန် ရှုတ်ချပါတယ်။ ဒီတိုက်ခိုက်မှုအတွက် တာဝန်ရှိသူတွေကို လိုက်လံရှာဖွေ အရေးယူသွားမယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ရုရှားနိုင်ငံတွင်းက သယ်ယူပို့ဆောင်ရေးဌာန အားလုံးမှာ လုံခြုံရေးအဆင့် တိုးမြှင့်ဖို့လည်း အမိန့်ထုတ်လိုက်ပါတယ်။

အခု ရုရှားလေဆိပ် ဗုံးခွဲတိုက်ခိုက်ခံရမှုအပေါ် နိုင်ငံတကာ ခေါင်းဆောင်တွေကလည်း ရှုတ်ချ အပြစ်တင်နေကြပါတယ်။ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ဒီတိုက်ခိုက်မှုဟာ အင်မတန် မခံရပ်နိုင်စရာ ဖြစ်တယ်လို့ ပြောပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က ဒီတိုက်ခိုက်မှုကြောင့် တုန်လှုပ် ချောက်ချားမိတယ်လို့ ပြောသွားပါတယ်။

XS
SM
MD
LG