သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားနစ်မြုပ်သင်္ဘော မြန်မာအလောင်းများပြန်သယ်


ရုရှားနစ်မြုပ်သင်္ဘောကနေ ကယ်ဆယ်လာသူများ
ရုရှားနစ်မြုပ်သင်္ဘောကနေ ကယ်ဆယ်လာသူများ

ရုရှားနစ်မြုပ်ငါးဖမ်းသင်္ဘော Dalniy Vostok က သေဆုံး မြန်မာသင်္ဘောသားအလောင်း ၁၆ လောင်း မြန်မာနိုင်ငံကို ရုရှားနိုင်ငံကနေ ပြန်လည် သယ်ဆောင်လာနေပြီ ဖြစ်ပါတယ်။ ရုရှားအစိုးရ၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးစီစဉ်မှုနဲ့ သေသူတွေရဲ့ ရုပ်အလောင်းတွေကို စင်းလုံးဌားလေယာဉ်နဲ့ သယ်ဆောင်လာမှာဖြစ်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဧပြီလ ၁၆ ရက်နေ့ သင်္ကြန်အတက်နေ့ မနက် ၇ နာရီခွဲမှာ ဆိုက်ရောက်မှာ ဖြစ်ပါတယ်။

ကျန်ရစ်သူမိသားစုတွေအတွက် မြန်မာနိုင်ငံက ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများ အဖွဲ့ချုပ်က ဦးဆောင်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ကူညီဆောင်ရွက်ပေးနေပါတယ်။ မဆုမွန်က အပြည့်အစုံကို တင်ပြထားပါတယ်။

ရုရှားအစိုးရ၊ ရုရှားနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာနရဲ့ စီစဉ်ဆောင်ရွက်ပေးမှုနဲ့ နစ်မြုပ်ရုရှားငါးဖမ်းသင်္ဘော Dalniy Vostok က သေဆုံးခဲ့သူ မြန်မာသင်္ဘောသား ၁၆ ယောက်ရဲ့ ကြွင်းကျန်ရုပ်အလောင်း ၁၆ လောင်းကို စင်းလုံးဌားလေယာဉ် Air Incheon လေယာဉ်ခရီးစဉ်နဲ့ မနက်ဖြန် ဧပြီလ ၁၆ ရက်နေ့ သင်္ကြန်အတက်နေ့ ကြာသပတေးနေ့ မနက် ၇ နာရီခွဲအချိန်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို သယ်ဆောင်လာတော့မှာ ဖြစ်ပါတယ်။

သေဆုံးသူတွေရဲ့ရုပ်အလောင်းကို သယ်ဆောင်လာတဲ့ စင်းလုံးဌားလေယာဉ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဆင်းသက်နိုင်ရေးရုရှားအစိုးရ၊ ရုရှားနိုင်ငံဆိုင်ရာ မော်စကို မြန်မာသံရုံးစီစဉ်မှုနဲ့ မြန်မာလေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနဲ့ ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ကြတာ ဖြစ်ပါတယ်။

မြန်မာသင်္ဘောသား ရုပ်အလောင်း ၁၆ လောင်း မြန်မာနိုင်ငံကို ဆိုက်ရောက်လာတဲ့အခါ စီစဉ်ဆောင်ရွက်ထားမှုနဲ့ ပတ်သက်လို့ ဦးဆောင် ကူညီဆောင်ရွက်ပေးနေတဲ့ မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ် Myanmar Seamen’s Federation - MSF ဗဟိုအလုပ်အမှုဆောင် ဦးမြတ်ကျော်ဝင်း က ဗွီအိုအေမြန်မာပိုင်းကို အခုလို ပြောပါတယ်။

“ရုရှားမှာရှိတဲ့ မြန်မာသံရုံးနဲ့ ရုရှားအစိုးရက အကြောင်းကြားတယ်။ ၁၆ လောင်း၊ သေတာကတော့ အယောက် ၂၀ ပဲ။ ၄ လောင်းကတော့ သူတို့မရသေးဘူးပေါ့။ ရှာတုန်းပဲ။ ၁၆ လောင်းကိုတော့ သူတို့ရရှိပြီးတော့ ပထမ ဒီနေ့ပို့မယ်ဆိုပြီးတော့မှ မနက်ဖြန်မနက် ၇ နာရီခွဲလောက်မှ charter flight နဲ့ရောက်မယ်လို့ အကြောင်းကြားလာတယ်။ မိသားစုဝင်ကတော့ သက်ဆိုင်ရာ ရေကြောင်းဦးစီးဌာနကနေပြီးတော့ သူတို့လိုက်ခဲ့တဲ့ ရန်ကုန်က ကုမ္ပဏီတွေကို အကြောင်းကြားထားတယ်။ သူတို့ကုမ္ပဏီတွေကို အကြောင်းကြားပြီးတော့ သူတို့ကုမ္ပဏီကနေပြီးတော့မှ အဲဒီကလေး မိဘတွေ၊ ဆွေမျိုးသားချင်းတွေကို တဆင့် အကြောင်းကြားပေးထားတယ်။”

သင်္ကြန်အတက်နေ့မှာ ဆိုက်ရောက်လာမယ့် သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ကျန်ရစ်သူ မိသားစုတွေအနေနဲ့ သဂြုႋဟ်နိုင်ရေး မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်က စီစဉ်ဆောင်ရွက်ထားတာနဲ့ ပတ်သက်လို့လည်း အခုလို ပြောဆိုပါတယ်။

“အဲဒီဟာနဲ့ ပတ်သက်ပြီးလို့ဆိုရင်တော့ တို့ဗမာ ဗုဒ္ဓဘာသာကလေးတွေလည်း ပါတယ်။ တချို့ အဲဒီ ဆုံးတဲ့အထဲမှာ ဟိန္ဒူကလေးတွေ ဒါမျိုးတွေလည်း ပါလာပါတယ်။ တချို့ကလည်း နယ်ကိုသယ်ချင်တယ်။ ဒါပေမဲ့ တို့ထုံးစံကတော့ နှစ်ဆန်းတစ်ရက်နေ့ မကျော်ရဘူးလေ။ မကျော်ရဘူးဆိုတော့ မနက်ဖြန်ရောက်လာရင်လည်း ဒီလို လွယ်လင့်တကူ လေဆိပ်ကနေ တန်းပြီး ယူသွားလို့လည်းမရ။ အလောင်းယူမယ်ဆိုရင် ဒီလိုပဲပို့ရင်လည်း ဘယ်လိုပို့ရလဲဆိုရင် ရန်ကုန်ဆေးရုံကြီးပေါ့နော်၊ အဲဒီကို ပို့ပေးရတယ်။ အဲဒီရန်ကုန်ဆေးရုံကနေပြီးတော့ death certificate ထုတ်ပေးမှ သင်္ဂြိုဟ်ခွင့်ရမှာ။ အခုလည်း အဲလိုပဲဖြစ်ပါလိမ့်မယ်။ အလောင်းတွေကို ရန်ကုန်ဆေးရုံကြီး၊ ဒါမှမဟုတ်ရင်လည်း ဆေးရုံကြီးတခုခုကို ပို့ရမယ်။ သူကနေပြီးတော့ death certificate ထုတ်ပေးမယ်။ အဲဒီ death certificate ရတော့မှပဲ ရေဝေးတို့၊ သက်ဆိုင်ရာ သင်္ဂြိုဟ်မယ့်နေရာတွေ ပို့ပေးရမှာပေါ့နော်။”

ဒါကြောင့် သေဆုံးသူ၊ ပျောက်ဆုံးဆဲနဲ့ အသက်ရှင်ကျန်ရစ်သူ မြန်မာသင်္ဘောသားတွေအတွက် နစ်နာကြေး လျော်ကြေးရရှိရေးနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်းတွေနဲ့ မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများ အဖွဲ့ချုပ်ဘက်က ဧပြီလ ၂၂ ရက်နေ့ကစလို့ စုံစမ်းစစ်ဆေး ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။

“အခု မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသားများအဖွဲ့ချုပ်ကတော့ သူတို့မရောက်ခင်ကတည်းက သူတို့မိဘတွေက လာပြီးတော့ အကူအညီတောင်းလို့ လုပ်စရာရှိတာတွေ လုပ်ထားပြီးပါပြီ။ သူတို့ကလေးတွေရောက်တော့မှပဲ ၂၂ ရက်နေ့ ရုံးဖွင့်ရင် အချက်အလက်တွေကို မေးမယ်။ ရှင်တဲ့ကလေးတွေကိုကျတော့၊ သူတို့လိုအပ်တာတွေ အကုန်လုပ်ပေးမယ်။ သူတို့လစာကျန်တာတွေ၊ သူတို့မရရှိခဲ့တာတွေ၊ ရပိုင်ခွင့်တွေ၊ ရဖို့တွေ အကုန်လုံး ဆောင်ရွက်ပေးရမှာပေါ့။ ဆုံးတဲ့ကလေးတွေကတော့ သက်ဆိုင်ရာ စာချုပ်ပါ စည်းကမ်းအတိုင်း ရေကြောင်းဦးစီးဌာနနဲ့ ကုမ္ပဏီနဲ့ချုပ်တဲ့ စာချုပ်၊ ကုမ္ပဏီနဲ့ သင်္ဘောသား ဆုံးတဲ့ကလေးတွေနဲ့ ချုပ်တဲ့စာချုပ်တွေအရ ရသင့်ရထိုက်တာတွေကို အကုန်လုံးရအောင် လုပ်ပေးမယ်။”

နစ်မြုပ်ရုရှားငါးဖမ်းသင်္ဘော Dalniy Vostok က သေဆုံးခဲ့သူတွေအနက် မြန်မာသင်္ဘောသားတွေထဲက ၁၆ လောင်းကိုပဲ ဆယ်ယူရရှိခဲ့တာဖြစ်ပြီး ကျန် မြန်မာသင်္ဘောသား ၄ ဦးကတော့ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ အသက်ဘေးက လွတ်မြောက်လာတဲ့ အသက်ရှင်သူ မြန်မာသင်္ဘောသား ၂၂ ဦးကတော့ ဧပြီလ ၁၂ ရက်နေ့က မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိလာကြပြီ ဖြစ်ပါတယ်။

XS
SM
MD
LG