သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားနစ်မြုပ်သင်္ဘော သေဆုံးသူ မြန်မာ ၁၄ ဦးအတွက် အသက်အာမခံကြေးရရှိ


အသက်မသေလွတ်မြောက်လာသူ သင်္ဘောသားများ (ဓာတ်ပုံ - Embassy of Myanmar - Moscow facebook)
အသက်မသေလွတ်မြောက်လာသူ သင်္ဘောသားများ (ဓာတ်ပုံ - Embassy of Myanmar - Moscow facebook)

ရုရှားနစ်မြုပ်ငါးဖမ်းသင်္ဘော Dalniy Vostok က ပြန်လည်ဆယ်ယူရရှိခဲ့တဲ့ သေဆုံး မြန်မာသင်္ဘောသားတွေအတွက် အသက်အာမခံကြေးငွေကို မြန်မာနိုင်ငံ အသက်အာမခံရုံးကနေ ပြန်လည်ပေးလျော်လိုက်ပြီ ဖြစ်ပါတယ်။

ပျောက်ဆုံးနေဆဲ သင်္ဘောသားတွေ အပါအဝင် အသက်ဆုံးခဲ့ရသူတွေ နောက် အသက်ရှင်ကျန်ရစ်သူ သင်္ဘောသားတွေအတွက် နစ်နာကြေး လျော်ကြေး အမြန်ဆုံး ရရှိနိုင်ရေးအတွက်လည်း ရုရှားနိုင်ငံ အစိုးရတာဝန်ရှိသူတွေ၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးနဲ့ မြန်မာအစိုးရဘက်က လိုက်လံ ဆောင်ရွက်ပေးနေတယ်လို့ မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်က ပြောပါတယ်။ နောက်ဆုံးရအခြေအနေကိုတော့ မဆုမွန်က စုစည်းတင်ပြထားပါတယ်။

ရုရှားငါးဖမ်းသင်္ဘော Dalniy Vostok ဟာ ရုရှားအရှေ့ဖျားဒေသ Kamchatka ကျွန်းဆွယ်အနီးက Okhotsh ပင်လယ်ပြင်မှာ ပြီးခဲ့တဲ့ဧပြီလတုန်းက တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီငါးဖမ်းသင်္ဘောပေါ်မှာ သင်္ဘောသားစုစုပေါင်း ၁၃၂ ဦး လိုက်ပါခဲ့ပြီး၊ အဲဒီအထဲမှာ မြန်မာသင်္ဘောသား ၄၂ ဦ းပါဝင်ခဲ့ပါတယ်။ အဲဒီအထဲကမှ မြန်မာသင်္ဘောသား ၂၂ ဦးကို အသက်ရှင် ကယ်ဆယ်ရရှိပြီး သေဆုံး ပျောက်ဆုံးသွားသူတွေထဲက မြန်မာသင်္ဘောသား ၁၆ ယောက်ကိုတော့ ရုပ်အလောင်းတွေရရှိခဲ့ပြီး ကျန်မြန်မာ ၄ ယောက်ကတော့ အခုချိန်အထိ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

ရုရှားအစိုးရ၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး ၊ မြန်မာအစိုးရတာဝန်ရှိသူတွေရဲ့ စီစဉ်မှုနဲ့ အသက်ရှင် ကျန်ရစ်သူတွေနဲ့ သေသူတွေရဲ့ ရုပ်အလောင်းတွေကို မြန်မာနိုင်ငံကို ပြန်လည် ပို့ဆောင်ခဲ့ပြီးတဲ့နောက် နစ်နာဆုံးရှုံးခဲ့ရသူတွေအတွက် နစ်နာကြေး လျော်ကြေးနဲ့ သေဆုံး ပျောက်ဆုံးသူတွေရဲ့ ကျန်ရစ်သူမိသားစုတွေအတွက် မြန်မာနိုင်ငံ အလုပ်သမား ပို့ဆောင်ရေးဝန်ကြီးဌာန၊ နိုင်ငံခြား သင်္ဘောလိုင်းဆိုင်ရာ ရေကြောင်းဦးစီးဌာန တာဝန်ရှိသူတွေက ဦးဆောင်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ကူညီဆောင်ရွက်ပေးနေပါတယ်။

အခုဆိုရင်တော့ သေဆုံးမြန်မာသင်္ဘောသားတွေအနက် မြန်မာနိုင်ငံမှာ အသက်အာမခံ လုပ်သွားတဲ့ သင်္ဘောသားတွေအတွက် အသက်အာမခံကြေးငွေကို မြန်မာနိုင်ငံ အသက်အာမခံရုံးကနေ ပေးလျော်လိုက်ပြီ ဖြစ်ပါတယ်။ သေဆုံးသူတွေအတွက် အသက်အာမခံကြေး လျော်ကြေးငွေ သိန်း ၅၀ ပေးလျော်လိုက်ပြီ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ် (Myanmar Seamen’s Federation MSF) ဗဟိုအလုပ်အမှုဆောင် ဦးမြတ်ကျော်ဝင်းက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“သူတို့ရဲ့လေ ဗမာပြည်မှာထားသွားတဲ့ အသက်အာမခံတွေ အကုန်ထုတ်လို့ရတယ်။ ဆုံးသွားတဲ့ ကလေးတွေပေါ့နော်။ ရှင်တဲ့ကလေးတွေတော့ မပါဘူး။ ဆုံးတဲ့ကလေးတွေပေါ့။ ၁၄ ယောက်စလုံးရသွားပြီ။ ၁ ယောက်ကို သိန်း ၅၀ လို့ပြောတယ် အသက်အာမခံရုံးကနေပြီးတော့လေ။ ပြီးတော့ လစာတွေလည်း သူတို့ကျန်ခဲ့တဲ့ ၂ လစာတွေ၊ ၃ လစာတွေလည်း ရှင်တဲ့ကလေးတွေရော၊ ဆုံးတဲ့ကလေးတွေရော ရသင့်တာတွေ အဲဒီမှာ ရကုန်ကြပါပြီ။”

သေဆုံးသူ၊ ပျောက်ဆုံးဆဲနဲ့ အသက်ရှင်ကျန်ရစ်သူ မြန်မာသင်္ဘောသားတွေအတွက် နစ်နာကြေး လျော်ကြေးရရှိနိုင်ရေးနဲ့ ပတ်သက်လို့ ရုရှားနိုင်ငံဆိုင်ရာ အလုပ်သမားတာဝန်ရှိသူတွေ၊ မြန်မာနိုင်ငံဘက်က အလုပ်သမားရေး တာဝန်ရှိသူတွေ အပါအဝင် သက်ဆိုင်ရာ ကုမ္ပဏီတွေနဲ့ လိုအပ်တဲ့ အချက်အလက်တွေကို စုံစမ်းစစ်ဆေးပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေပြီ ဖြစ်တဲ့အတွက် လျော်ကြေးငွေ အမြန်ဆုံးရရှိတော့မှာ ဖြစ်တယ်လို့လည်း မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်က ပြောပါတယ်။

“ရေကြောင်းဦးစီးဌာနကလည်း အချက်အလက်တွေ အကုန် ပေးပြီးပြီ။ ကလေးတွေရဲ့ လုပ်ထားတဲ့ စာရွက်စာတမ်း အကုန်ပို့လိုက်ပြီ။ သူတို့ကို ပို့လိုက်တဲ့ မြန်မာပြည်က --- ကုမ္ပဏီနဲ့ tour လိုင်းမှာရှိတဲ့ ကုမ္ပဏီကပဲ လျော်ပေးရမှာပေါ့။ အဲဒီကိစ္စအတွက် လုပ်နေကြတယ်။”

နိုင်ငံရပ်ခြားကို သွားရောက် အလုပ်လုပ်ကိုင်လိုတဲ့ မြန်မာသင်္ဘောသားတွေအနေနဲ့ မိမိတို့ သွားရောက် အလုပ်လုပ်ကိုင်မယ့် သင်္ဘောကုမ္ပဏီ၊ လုပ်ငန်းအမျိုးအစား စိတ်ချယုံကြည်ရမှု ရှိ မရှိဆိုတာ သင်္ဘောမလိုက်ခင်မှာ မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာန၊ ရေကြောင်းဦးစီးဌာနနဲ့ စိတ်ချယုံကြည်ရတဲ့ အလုပ်သမား အတိုင်ပင်ခံအဖွဲ့စည်းတွေဆီမှာ သေသေချာချာ စိစစ် စုံစမ်းဆောင်ရွက်ကြမှသာ မလိုလားအပ်တဲ့ ပြဿနာတွေ မကြုံတွေ့စေရမှာ ဖြစ်တာမို့ အလေးအနက်ထား တိုက်တွန်းလိုပါတယ်လို့ မြန်မာနိုင်ငံ ပင်လယ်ကူး အလုပ်သမားများအဖွဲ့ချုပ်က ပြောပါတယ်။

“အကောင်းဆုံးကတော့ သင်္ဘောထွက်ခါနီးမှာ အကယ်၍ ကိုယ်လုပ်မယ် ဒီကုမ္ပဏီနဲ့ မသိလို့ရှိရင် အန်ကယ်လ်တို့ သင်္ဘောသား အဖွဲ့ချုပ်ကို လာမေးပါ။ ကျနော်တော့ ဒီလိုင်းလေးနဲ့ လိုက်ချင်တယ် ဟုတ်လား၊ အဲဒါ အန်ကယ်လ်တို့အနေနဲ့ တချက် စုံစမ်းပေးပါဆိုရင် အန်ကယ်လ်တို့က ပြောပေးလို့ရတယ်။ ဒီလိုင်းကတော့ စိတ်ချရတယ်၊ ဒီလိုင်းကတော့ စိတ်မချရဘူး၊ ဒီလိုင်းကတော့ မင်းတို့နဲ့ မသင့်တော်ဘူး။ ငါးဖမ်းသင်္ဘောတွေဆိုတာ မလုပ်သင့်ဘူးဆိုတာတွေ အန်ကယ်လ်တို့က အများကြီး ဂိုက်လိုင်း လုပ်ပေးနိုင်တာပေါ့။”

နစ်မြုပ်ခဲ့တဲ့ ရုရှားငါးဖမ်းသင်္ဘောပေါ်ကို မြန်မာသင်္ဘောသားတွေ မမှန်မကန် စေလွှတ်လုပ်ကိုင်စေခဲ့တာကြောင့် ပြည်တွင်း နိုင်ငံခြားသင်္ဘောသား စေလွှတ်ရေး လုပ်ကိုင်ဆောင်ရွက်နေတဲ့ ကုမ္ပဏီ ၅ ခုကို အလုပ်သမား ပို့ဆောင်ရေးဝန်ကြီးဌာနက အရေးယူဖို့ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG