သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့အလယ်ပိုင်းမှာ စစ်ရေး ဝင်စွက်မှု ရုရှား၊ တရုတ် ဆန့်ကျင်


တရုတ်နိုင်ငံမြို့တော် ဘေဂျင်းမြို့မှာ ကျင်းပတဲ့ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်းရဲ့ နှစ်ပတ်လည် ညီလာခံ အဆုံးသပ်တဲ့ ကြာသာပတေးနေ့မှာ တရုတ်နဲ့ ရုရှား ဦးဆောင်တဲ့ ဒေသအတွင်း ခေါင်းဆောင်တွေက အရှေ့ အလယ်ပိုင်း ဒေသအတွင်း ပြင်ပကနေ စစ်ရေးအရ ဝင်ရောက် စွက်ဖက်မှုကို ဆန့်ကျင်ကြောင်း
ထုတ်ဖေါ်ပြောဆိုလိုက်ပါတယ်။

အီရန်နဲ့ ဆီးရီးယားနိုင်ငံတွေကို ရည်ရွယ်ပြီး၊ အတင်းအဓမ္မ အာဏာလွှဲပြောင်းခိုင်းတာ အရေးယူ ပိတ်ဆို့မှုတွေ ချမှတ်တာ တွေကို ဆန့်ကျင်ကြောင်း ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်းရဲ့ နှစ်ရက်ကြာ ကျင်းပခဲ့တဲ့ ညီလာခံအပြီးမှာ ထုတ်ပြန်တဲ့ ကြေညာစာတမ်းထဲမှာ ဖေါ်ပြထားပါတယ်။

ဆီးရီးယားနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ၁၅ လကြာ ပဋိပက္ခ အရေးအခင်းနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေက ပစ်တင်ရှုံ့ချတဲ့ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တင်သွင်းခဲ့ရာမှာ တရုတ်နဲ့ ရုရှားတို့က ဗီတိုအာဏာသုံးပြီး ပယ်ချ ပစ်ခဲ့တာပါ။ သူတို့ဟာ အီရန်နိုင်ငံရဲ့ အငြင်းပွားစရာ နြူကလီးယား အစီအစဉ်အပေါ် အနောက်နိုင်ငံတွေက ဆန့်ကျင်ပြီး အရေးယူပိတ်ဆို့မှု အသစ်တွေ ပြုလုပ်နေတဲ့ အပေါ်မှာလည်း မယုံမကြည် ဖြစ်နေကြတာပါ။

တရုတ်၊ ရုရှားနဲ့အတူ အာရှတိုက် အလယ်ပိုင်းက လေးနိုင်ငံပါဝင်တဲ့ ဒေသတွင်း အဖွဲ့အစည်းက ပိုမို အင်အားတောင့်တင်း လာစေရေးကို မျှော်မှန်းပြီးတော့ ၂၀၁၄ ခုနှစ်ကြရင် ပြည်ပကတပ်တွေ ထွက်ခွာတော့မှာဖြစ်တဲ့ အာဖဂန်နစ္စတန်နိုင်ငံကို လေ့လာသူအဖြစ် အသိမှတ်ပြုခဲ့တာပါ။

ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ အဖွဲ့ဝင်နိုင်ငံဟာ လုံခြုံရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးတွေ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ကြဖို့ သဘောတူခဲ့ကြသလို အကြမ်းဖက် အဖွဲ့အစည်းတွေ အစွန်းရောက်သမားတွေနဲ့ မူးရစ်ဆေးဝါး ကူးသန်း ရောင်းဝယ်မှုတွေကို တိုက်ဖျက်ဖို့ သဘော တူညီခဲ့ကြပါတယ်။

XS
SM
MD
LG