သုံးရလွယ်ကူစေသည့် Link များ

တရုတ်-ရုရှား ဓာတ်ငွေ့တင်ပို့ရေး စာချုပ်ချုပ်

  • ဗွီအိုအေ (မြန်မာဌာန)

APEC အစည်းအဝေးမှာ စွမ်းအင်ဆိုင်ရာ သဘောတူညီချက်ရခဲ့ကြတဲ့ ရုရှားသမ္မတ Vladimir Putin (ဝဲ) နဲ့ တရုတ်သမ္မတ Xi Jinping (နိုဝင်ဘာ ၉၊ ၂၀၁၄)

တရုတ်နိုင်ငံမှာကျင်းပနေတဲ့ APEC ထိပ်သီး စီးပွားရေး ညီလာခံရဲ့ပြင်ပမှာ တရုတ်နိုင်ငံနဲ့ရုရှားနိုင်ငံတို့အကြား စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တရပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါတယ်။

သဘောတူညီမှုကို ရုရှားသမ္မတ Vladimir Putin နဲ့ တရုတ်သမ္မတ Xi Jinping တို့ က တနင်္ဂနွေနေ့မှာ လက်မှတ် ရေးထိုးခဲ့ကြတာဖြစ်ပြီး နှစ်နိုင်ငံကြားမှာ ဓာတ်ငွေ့ပို့လွှတ်ဖို့ ဒုတိယပိုက်လိုင်း တည်ဆောက်ရေးလည်း ပါဝင်ပါတယ်။ ရုရှားနိုင်ငံကနေ တရုတ်နိုင်ငံကို အနောက်ဖက်လမ်းကြောင်းကနေ သဘာဝ ဓာတ်ငွေ့ တင်ပို့ဖို့ ဖြစ်ပါတယ်။

မေလတုန်းကတော့ အရှေ့ဖက်ပိုင်းက တင်ပို့တဲ့လမ်းကြောင်းအတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း လေးသိန်းတန်ဖိုး ရှိတဲ့ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြတာပါ။ သဘောတူလက်မှတ်ရေးထိုးခဲ့ကြပြီးတဲ့နောက် ရုရှား-တရုတ် ၂ နိုင်ငံရဲ့ ဆက်ဆံရေးအပေါ် နှစ်နိုင်ငံခေါင်းဆောင်တွေက ချီးကျူးထောပနာ ပြုတဲ့ စကားတွေပြောကြားခဲ့ကြပါတယ်။

ညီလာခံအဖွင့်မိန့်ခွန်းပြောကြားရာမှာတော့ တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးမှု နှေးကွေးနေတာဟာ စိတ်ပူစရာကိစ္စမဟုတ်ပါဘူးလို့ သမ္မတရှီကျင့်ပင်က ပြောသွားပါတယ်။

အမေရိကန်သမ္မတ ဘရက်အိုဘားမားဟာ APEC ညီလာခံကို တက်ရောက်ဖို့အတွက် တနင်္ဂနွေနေ့မနက်မှာ ၀ါရှင်တန်ကနေ ထွက်ခွာသွားပြီဖြစ်ပါတယ်။ မစ္စတာအိုဘားမားဟာ တရုတ်နိုင်ငံခရီးစဉ် ပြီးရင် မြန်မာနိုင်ငံကို သွားရောက်ဖို့ရှိပါတယ်။ အဲဒီနောက်မှာတော့ သမ္မတအိုဘားမားဟာ ကမ္ဘာ့အင်အားကြီး နိုင်ငံ ၂၀ က ခေါင်းဆောင်တွေတွေ့ဆုံကြမယ့် G 20 ထိပ်သီးအစည်းဝေးတက်ရောက်ဖို့အတွက် သြစတေးလျှနိုင်ငံကို ဆက်လက် ထွက်ခွာမှာဖြစ်ပါတယ်။

နိုဝင်ဘာ ၁၂ ရက်ကနေ ၁၄ ရက်အထိ နေထိုင်မယ့် မြန်မာနိုင်ငံခရီးစဉ်အတွင်း မစ္စတာအိုဘားမားဟာ သမ္မတဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ သီးခြားစီ တွေ့ဆုံမှာဖြစ်သလို အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်တွေနဲ့ အပြန်အလှန် အမေးအဖြေလုပ်မယ့် Town hall တွေ့ဆုံပွဲတခုကို ရန်ကုန်မြို့မှာ တက်ရောက်ဖို့ စီစဉ်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG