သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သမ္မတရဲ့ လုံခြုံရေးဗျူဟာသစ် ရုရှားလက်မခံ


Russia သမ္မတ putin နှင့် အမေရိကန်သမ္မတ Donald Trump
Russia သမ္မတ putin နှင့် အမေရိကန်သမ္မတ Donald Trump

အမေရိကန်ရဲ့ ကြီးကျယ်မြင့်မြတ်မှုက ပြိုင်ဘက် အင်အားကြီး တွေကြောင့် ခြိမ်းခြောက်ခံနေရပြီလို့ အမေရိကန် သမ္မတ Donald Trump က မနေ့ တနလာၤနေ့က သတိပေး ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့်လည်း အမေရိကန်ရဲ့ နိုးထလာမှုလို့ သမ္မတက ဖော်ညွှန်းပြောဆိုလိုက်ပြီး အဟန့်အတားတွေကို ရှင်းလင်းပစ်နိုင်ရေး ဘက်ပေါင်းစုံက ဆောင်ရွက်သွားမယ်လို့ ကတိပြု ပြောဆိုလိုက်ပါတယ်။

ဝါရှင်တန်မှာ ပြောတဲ့ မိန့်ခွန်းမှာ သမ္မတက သူ့ရဲ့ အမျိုးသား လုံခြုံရေး မဟာဗျူဟာသစ်ကို ရှင်းလင်း ပြောဆိုခဲ့တာမှာတော့ ရုရှားနဲ့ တရုတ်နိုင်ငံတို့ ကို အကြီးမားဆုံး စိုးရိမ်ချက် အဖြစ် ရည်ညွန်းပြောဆိုပါတယ်။ ဒီနှစ်နိုင်ငံ စလုံးက အမေရိကန်ရဲ့ စံတန်ဖိုးတွေ၊ သြဇာနဲ့ ချမ်းသာကြွယ်ဝမှုတွေကို ယှဉ်နိုင်အောင် ကြိုးစားနေကြတယ်လို့ သမ္မတက ပြောဆိုသွားတာပါ။

ဒါပေမယ့် သူ့ရဲ့ ခေါင်းဆောင်မှု အောက်မှာ အမေရိကန် အနေနဲ့ လက်လျှော့မှာ မဟုတ်ဘူးလို့လည်း ကတိပြုပါတယ်။ အမေရိကန်သမ္မတ Donald Trump ရဲ့ အမျိုးသားလုံခြုံရေး မဟာဗျူဟာသစ်ဟာ ဗိုလ်ကျစိုးမိုးရေး အဖြစ် ရှုမြင်ကြောင်းနဲ့ ကမ္ဘာပေါ်မှာ နိုင်ငံစုံ ယှဉ်ပြိုင်မှုကို လက်သင့်ခံလိုစိတ် မရှိတာကို ပြသလိုက်တာ ဖြစ်တယ်လို့ရုရှားက ဒီကနေ့ အင်္ဂါနေ့မှာ ပြောဆိုလိုက်ပါတယ်။

ရုရှားဟာ အမေရိကန်ပြည်ထောင်စု အတွက် လုံခြုံရေးခြိမ်းခြောက်မှုဖြစ်တယ်ဆိုတဲ့ ရှုမြင်ချက်ကို ရုရှားဘက်က သဘောမတူတဲ့ အကြောင်း ဒါပေမယ့် ဘုံအကျိုးတူ ကိစ္စတွေ အပေါ် ပူးပေါင်းဆောင်ရွက်လိုကြောင်း သမ္မတTrump အစိုးရရဲ့ ပြောဆိုချက်ကိုတော့ ကြိုဆိုတဲ့ အကြောင်း ရုရှား အစိုးရ ပြောခွင့်ရ Dmitry Peskov က ပြောဆိုလိုက်တာပါ။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနဘက်ကတော့ အမေရိကန် ပြည်ထောင်စု အနေနဲ့ စစ်အေးခေတ်က စိတ်နေသဘောထားတွေကို စွန့်လွှတ်သင့်ပြီလို့ ပြောဆိုလိုက်ပြီး တရုတ်ရဲ့ ရည်မှန်းချက်တွေကို ရည်ရွယ်ချက်ရှိရှိနဲ့ လိုရာစွဲ ပြောဆိုနေတာတွေကို ရပ်ပါဆိုပြီး တုံ့ပြန်လိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG