သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Snowden ကို အမေရိကန်လက် လွဲှပေးဖို့ ရုရှားငြင်းဆန်


အမေရိကန်အစိုးရက အလိုရှိနေတဲ့ ထောက်လှမ်းရေးဝန်ထမ်းဟောင်း အက်ဝပ် စနိုဒန် (Edward Snowden) ဟာ ရုရှားနိုင်ငံ မော်စကိုမြို့တော်က လေဆိပ်တခုမှာ ခရီးတထောက် ရောက်ရှိနေတယ်။ ဒါပေမဲ့ အမေရိကန် ပြည်ထောင်စုကို ပြန်ပို့ပေးမှာ မဟုတ်ဘူးလို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် (Vladimir Putin) က ပြောပါတယ်။

ဒီကိစ္စမှာ ရုရှားက ဥပဒေကို ချိုးဖောက်တယ်လို့ စွပ်စွဲနေတာတွေဟာ အဓိပ္ပါယ်မဲ့ မဟုတ်တယုတ် ပြောနေတာ ဖြစ်တယ်လို့ ဖင်လန်နိုင်ငံကို ရောက်ရှိနေခိုက်မှာ မစ္စတာ ပူတင် က ပယ်ချ ပြောဆိုသွားပါတယ်။ ရုရှား ဟာ အမေရိကန်နဲ့ တရားခံ လဲလှယ်ရေး သဘောတူညီချက် ရှိမထားဘူးလို့လည်း မစ္စတာ ပူတင် က ပြောပါတယ်။

အမေရိကန်အစိုးရရဲ့ လျှို့ဝှက်စောင့်ကြည့်ရေး အစီအစဉ်နဲ့ တခြားထောက်လှမ်းရေး အချက်အလက်တွေကို ဖွင့်ချခဲ့လို့ အမေရိကန်အစိုးရက မစ္စတာ စနိုဒန် ကို အလိုရှိနေတာဖြစ်ပြီး သမ္မတ ပူတင် ကတော့ မစ္စတာ စနိုဒန် ဟာ ရုရှားနိုင်ငံမှာ ဘာဥပဒေမှ မချိုးဖောက်ဘူးလို့ ဆိုပါတယ်။

မစ္စတာ စနိုဒန် ဟာ လွတ်လပ်သူ တစ်ဦးဖြစ်တယ်။ သူ နောက်ထပ် ဘယ်ကို ခရီးဆက်မလဲ မြန်မြန် ဆုံးဖြတ်လေ ကောင်းလေပဲလို့ သမ္မတ ပူတင် က ပြောပါတယ်။ Mr. Snowden ဟာ ဘယ်တုန်းကမှ ရုရှားထောက်လှမ်းရေးနဲ့ အလုပ် မလုပ်ဖူးဘူးလို့လည်း ပြောပါတယ်။ ဒီကိစ္စကြောင့်တော့ အမေရိကန်နဲ့ ဆက်ဆံရေးကို သွားမထိခိုက်ဖို့ မျှော်လင့်ကြောင်းလည်း ပြောသွားပါတယ်။

အင်္ဂါနေ့အစောပိုင်းကတော့ အမေရိကန် ပြည်ထောင်စုဟာ ထိပ်တိုက်ရင်ဆိုင်မှုကို မလိုချင်ပါဘူး။ စနိုဒန် ကိစ္စမှာလည်း တည်တည်ငြိမ်ငြိမ်နဲ့ ကျိုးကြောင်းဆီလျှော်အောင် လုပ်ဆောင်ကြဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ (John Kerry) က ပြောဆိုသွားပါတယ်။
XS
SM
MD
LG