သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားဓာတုလက်နက် ကုလအစီရင်ခံစာ ရှုတ်ချ


ဆီးရီးယားနိုင်ငံမှာ သြဂုတ်လ ၂၁ ရက်နေ့က ဓာတုလက်နက်နဲ့ တိုက်ခိုက်တဲ့ ဖြစ်ရပ်နဲ့ပတ်သတ်ပြီး ကုလသမဂ္ဂရဲ့ အစီရင်ခံစာကို ရုရှားက ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး အဲဒီအစီရင်ခံစာဟာ ဘက်လိုက်ပြီး ပြည့်လည်း မပြည့်စုံသလို အချက်အလက်တွေကို ပြောင်းထားတဲ့ တဖက်သတ် အမြင်နဲ့ ရေးသားထားတယ်လို့ ပြောပါတယ်။

Damascus မြို့တော်အပြင်ဘက်မှာ လူတွေအမြောက်အများ သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုကို သူပုန်တွေက လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ အထောက်အထား အသစ်တွေကို ဆီးရီးယားအစိုးရက ပေးအပ်လိုက်တယ်လို့ ရုရှားဒုနိုင်ငံခြားရေးဝန်ကြီး Sergei Ryabkov က ဗုဒ္ဓဟူးနေ့က ပြောသွားပါတယ်။

ဒီတိုက်ခိုက်မှုကို သူပုန်တွေက လုပ်ဆောင်ခဲ့တယ်ဆိုတာ ယုံကြည်စရာ ခိုင်မာတဲ့ အထောက်အထားတွေ ရှိတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov ကပြောပြီး ကုလသမဂ္ဂရဲ့ အစီရင်ခံစာကို မေးခွန်းထုတ်သွားပြီး နောက်တရက်မှာပဲ ဒုနိုင်ငံခြားရေးဝန်ကြီးက အခုလို မှတ်ချက်ချသွားတာပါ။

ဒီလို ရုရှားရဲ့ ဝေဖန်ချက်နဲ့ ပတ်သတ်ပြီး ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ Martin Nesirky ကို မေးမြန်းကြည့်တော့ ကုလသမဂ္ဂအဖွဲ့ရဲ့ တွေ့ရှိချက်တွေဟာ ငြင်းစရာ မရှိအောင်ကို ခိုင်မာတယ်လို့ ဖြေကြားပါတယ်။ တွေ့ရှိတဲ့အချက်အလက်တွေက သူ့ဘာသူ အဖြေပေးသွားတာပါ။ ဘက်မလိုက်ဘဲ စေ့စေ့စပ်စပ် တင်ပြထားတဲ့ အစီရင်ခံစာ ဖြစ်ပါတယ်လို့ ပြောသွားပါတယ်။

ဒီသီတင်းပတ်အစောပိုင်းမှာ တင်ပြလာတဲ့ အစီရင်ခံစာပါ တွေ့ရှိချက်တွေမှာ ဆီးရီးယားအစိုးရဟာ sarin အဆိပ်ငွေ့ကို သုံးပြီး တိုက်ခိုက်ခဲ့တယ်လို့ ပြောထားကြောင်း အနောက်နိုင်ငံတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း ဘယ်လက်နက်အမျိုးအစားကို သုံးထားလဲ။ ဘယ်နေရာတွေမှာလဲ။ အဆိပ်ငွေ့ ဘယ်လောက် ပမာဏ သုံးစွဲခဲ့လဲ။ ဒီလို အစီရင်ခံစာပါ အသေးစိတ် အချက်အလက်တွေကို သူတို့က ထောက်ပြပါတယ်။
XS
SM
MD
LG