သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ဒဏ်ခတ်လို့ Crimea ကို Russia စွန့်လွှတ်မှာမဟုတ်


ရုရှားနိုင်ငံအနေနဲ့ Crimea ဒေသကို သမိုင်းကြောင်းအရ ပိုင်ဆိုင်ခွင့်ရှိကြောင်းနဲ့ Crimea ကို ရုရှားက သိမ်းပိုက်မှုကြောင့် အမေရိကန် ပြည်ထောင်စုက ဒဏ်ခတ် ပိတ်ဆို့မှုအသစ်ချမှတ်လိုက်တဲ့အပေါ် ပယ်ချလိုက်ပါတယ်။ အခုလို ပိတ်ဆို့အရေးယူမှုတွေချမှတ်တဲ့အတွက် Crimea ဒေသကို ရုရှားတို့က စွန့်လွတ်မှာမဟုတ်သလို ဒီဒေသဟာ သမိုင်းကြောင်းအရ ရုရှားက ပိုင်ဆိုင်လာတဲ့ဒေသဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဌာနက ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ရုရှားက ကျူးကျော်သိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားကျွန်းဆွယ်အပေါ် ကျယ်ပြန်တဲ့ စီးပွားရေးအရေးယူပိတ်ဆို့မှုတွေကို အမေရိကန်သမ္မတ Barack Obama က ချမှတ်လိုက်တာ ဖြစ်ပါတယ်။ သမ္မတရဲ့ အထူးလုပ်ပိုင်ခွင့်အာဏာနဲ့ ပြဌာန်းလိုက်တဲ့ အဲဒီ ဥပဒေမှာအရေးပါတဲ့ အမေရိကန်နိုင်ငံရဲ့ ဝန်ဆောင်မှုတွေနဲ့ ထုတ်ကုန်ပစ္စည်းတွေ မတင်ပို့ရေးနဲ့ ခရိုင်းမီးယားဒေသကထွက်တဲ့ ထုတ်ကုန်တွေ အမေရိကန်နိုင်ငံကို မတင်သွင်းရေး စတာတွေ ပါဝင်တဲ့အကြောင်း သမ္မတအိမ်ဖြူတော်က သောကြာနေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် Crimea ဒေသကို ရုရှားတို့ သိမ်းပိုက်မှုအပေါ် အမေရိကန်ပြည်ထောင်စုကအနေနဲ့ လက်မခံဘူးဆိုတာကိုပြသတဲ့အနေနဲ့ သမ္မတ အိုဘားမားက ဒီပိတ်ဆို့အရေးယူမှုကို ချမှတ်ခြင်းဖြစ်တယ်လို့လည်း အိမ်ဖြူတော် ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Crimea ဒေသဟာ ဆိုဗီယက်ပြည်ထောင်စုလက်အောက်ခံ သမ္မတနိုင်ငံအဖြစ်တည်ရှိနေခဲ့ရာက ၁၉၅၄ ခုနှစ်မှာ ယူကရိန်းလက်အောက်ကို ပြောင်းလဲ သွတ်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဆိုဗီယက်ပြည်ထောင်စုကခွဲထွက်ပြီး လွတ်လပ်တဲ့ ယူကရိန်းနိုင်ငံတည်ထောင်တဲ့အချိန်မှာလည်း Crimea ဒေသဟာ ယူကရိန်းနိုင်ငံထဲမှာပဲ ဆက်လက် တည်ရှိနေခဲ့တာပါ။

XS
SM
MD
LG