သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်သီးပြင်းတဲ့ ရုရှားဆရာဝန်


ရုရှားနိုင်ငံတောင်ပိုင်း Belgorod မြို့က ဆေးရုံတရုံမှာ လူနာတယောက်ရဲ့ မျက်နှာကို ဆရာဝန်က လက်သီးနဲ့ ထိုးခဲ့ရာက သေဆုံးသွားတဲ့အတွက် စုံစမ်းစစ်ဆေးသူတွေ ရာဇဝတ်ကြောင်းနဲ့ အမှုဖွင့်လိုက်ပါတယ်။

လုံခြုံရေးဗွီဒီယိုကင်မရာကနေ ရိုက်ကူးထားတဲ့ ဒီဇင်ဘာလ ၂၉ ရက်နေ့က ဖြစ်ရပ်ကို YouTube အင်တာနက် စာမျက်နှာမှာတင်ခဲ့သလို၊ နောက်ပိုင်း ရုရှားနိုင်ငံပိုင် ရုပ်မြင်သံကြားမှာပါ ထုတ်လွှင့်ခဲ့ပြီး ရက်အတော်ကြာတော့မှ စုံစမ်းစစ်ဆေးနေတဲ့အကြောင်း စနေနေ့က ကြေညာခဲ့တာပါ။

ဗွီဒီယိုထဲမှာတော့ ဆေးရုံအမှုထမ်း ဆရာဝန်အမျိုးသားတယောက်ကနေ လူနာအမျိုးသားတဦးကို “မင်း ဘာကြောင့် သူနာပြုကို ထိရတာလဲ” လို့ မေးရင်း ကုတင်ပေါ်ကလူနာကို တရွတ်တိုက် ဆွဲချခဲ့တာပါ။ ဒီနောက်မှာတော့ လူလတ်ပိုင်းအရွယ် လူနာအမျိုးသားကို အခန်းအပြင်ကို တွန်းထုတ်ခဲ့ပါတယ်။

လူနာက အခန်းထဲ ပြန်ဝင်လာချိန်မှာတော့ - ဆရာဝန်က လူနာရဲ့မျက်နှာကို လက်သီးနဲ့ ထိုးလိုက်တာကြောင့် လူနာက ကြမ်းပြင်ကို နောက်ပြန်လဲကျသွားခဲ့ပါတယ်။ လူနာနဲ့ ဆေးရုံကို အဖော်လိုက်လာသူလို့ အာဏာပိုင်တွေကပြောဆိုထားတဲ့ ဒုတိယလူတယောက်ကိုလည်း ဆရာဝန်က တိုက်ခိုက်တာ တွေ့ခဲ့ရပါတယ်။ မလှုပ်မရှားဖြစ်နေတဲ့ လူနာကိုတော့ ဆေးဝန်ထမ်းတွေက သတိပြန်ရအောင် ကြိုးစားကြတာကို တွေ့ရပြီး၊ နောက်ပိုင်းမှာတော့ လူနာကို မပြီး ကင်မရာမြင်ကွင်းကဝေးရာ တနေရာကို ခေါ်သွားတာလည်း တွေ့ရပါတယ်။

အသက် ၅၆ နှစ်အရွယ် လူနာဟာ ပက်လက်လန်လဲကျသွားချိန်မှာ ကြမ်းပြင်နဲ့ခေါင်း ဆောင့်မိပြီး ဦးနှောက်မှာထိခိုက်တဲ့ဒဏ်ရာနဲ့ သေဆုံးသွားတာ ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG