သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲမသမာမှု ဖော်ထုတ်ဖို့ ရုရှားသမ္မတ အမိန့်ထုတ်


ရွေးကောက်ပွဲမသမာမှု ဖော်ထုတ်ဖို့ ရုရှားသမ္မတ အမိန့်ထုတ်
ရွေးကောက်ပွဲမသမာမှု ဖော်ထုတ်ဖို့ ရုရှားသမ္မတ အမိန့်ထုတ်

ပြီးခဲ့တဲ့အပတ် လွှတ်တော်မဲပေးပွဲမှာ မသမာမှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့ ရုရှားသမ္မတ ဒစ်မစ်ထရီမက်ဗီးယဲ့ဒက်ဖ် (Dmitry Medvedev) က တနင်္ဂနွေနေ့က အမိန့်ပေးလိုက်ပါတယ်။

ရုရှားဝန်ကြီးချုပ် ဗလာဒီမီယာပူတင် (Vladimir Putin) ရဲ့ အာဏာရ United Russia ပါတီ နိုင်ခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့ ရွေးကောက်ပွဲ ရလဒ်တွေကို ပယ်ဖျက်ပြီး ရွေးကောက်ပွဲကို ပြန်ကျင်းပဖို့ သောင်းချီတဲ့ ဆန္ဒပြသူတွေက မော်စကိုနဲ့ တခြား မြို့ကြီးတွေမှာ တောင်းဆိုကြပြီး တစ်ရက်အကြာမှာ ခုလို ကြေညာခဲ့တာပါ။

ဆန္ဒပြပွဲတွေမှာ ပြောကြတဲ့ မိန့်ခွန်းတွေနဲ့ ကြွေးကြော်သံတွေကို သူ သဘောမတူပေမဲ့ ရွေးကောက်ပွဲ ဥပဒေနဲ့အညီ လုပ်ခဲ့မလုပ်ခဲ့ကို မဲရုံတိုင်းမှာ ပြန်စစ်ဆေးဖို့ သူ ညွှန်ကြားလိုက်တယ်လို့ ဖေ့စ်ဘွတ်ခ် ပေါ်မှာ မစ္စတာ မက်ဗီးယဲဒက်ဖ် က ပြောပါတယ်။ အဲဒီကြေညာချက်ကို တင်လိုက်ပြီးတဲ့နောက် မိနစ်ပိုင်းအတွင်းမှာပဲ ရှက်စရာကောင်းတယ်၊ ခင်ဗျားကို ကျုပ်တို့ မယုံဘူး ဆိုတဲ့ မှတ်ချက်တွေက တက်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက မစ္စတာ ပူတင်ရော၊ သမ္မတပါ လူကြားထဲ ထွက်လာတာ မတွေ့ခဲ့ရပါဘူး။ စနေနေ့က မော်စကို၊ စိန့်ပီတာစဘတ်ဂ် နဲ့ အရှေ့ဖျားက မြို့ ခဘာရို့ဗ်စ် (Khabarovsk) နဲ့ ဗလာဒီဗို့စ်တော့ခ် (Vladivostok) မြို့ကြီးတွေမှာ ဆန္ဒပြပွဲတွေ အကြီးမားဆုံး ဖြစ်ခဲ့ပါတယ်။ ဆန္ဒပြပွဲတွေကြောင့် မော်စကိုနဲ့ စိန့်ပီတာစဘတ်ဂ် မြို့တွေမှာ ရဲတွေကို အများကြီး ချထားပြီး ဆန္ဒပြသူ ရာပေါင်းများစွာကို ဖမ်းဆီးခဲ့ပါတယ်။

XS
SM
MD
LG