ရုရှားအတိုက်အခံတွေရဲ့ လူကြိုက်များတဲ့ Moscow Echo ဝက်ဘ်ဆိုက်တ်နဲ့ လွတ်လပ်တဲ့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး Golos အဖွဲ့ရဲ့ ဝက်ဘ်ဆိုက်တ်တွေမှာတင်ထားတဲ့ နောက်ဆုံးရ သတင်းအချက် အလက်တွေကို ဝင်ကြည့်လို့မရအောင် တိုက်ခိုက်ခံနေရပြီးတော့ အင်တာနက်ပေါ်ကို သူတို့ဝက်ဘ်ဆိုက်တ် တွေ ချိတ်ဆက်မရ ဖြစ်နေတယ်လို့ ပြောဆိုလိုက်ပါတယ်။
လာမယ့်ငါးနှစ်အတွင်း Duma လို့ခေါ်တဲ့ ရုရှားရဲ့အောက်လွှတ်တော် ပုံသဏ္ဌာန်သစ်ကို ဖော်ဆောင်ပေးမဲ့ ရုရှားသမ္မတနိုင်ငံရဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွေ ဒီကနေ့ စတင်နေပါပြီ။ ရုရှားနိုင်ငံ အရှေ့ဘက်ခြမ်းဒေသတွေမှာ မဲရုံတွေကို အစောဆုံး စပြီး ဖွင့်လှစ်ခဲ့တာပါ။
ဒီကနေ့ ရွေးကောက်ပွဲတွေမှာ ဝန်ကြီးချုပ် ဗလာဒီမီယာ ပူတင်ရဲ့ United Russia Party က အမတ်နေရာ အများဆုံးနဲ့ အနိုင်ရရှိလိမ့်မယ်လို့ အများက ခန့်မှန်းနေကြပါတယ်။ ရွေးကောက်ပွဲ ပြင်ဆင်မှုတွေမှာ နိုင်ငံခြား တိုင်းပြည်ကြီးတွေက ဝင်ရောက်စွက်ဖက်ဖို့ ကြိုးပမ်းနေတယ်လို့ ဝန်ကြီးချုပ် ပူတင်က စွပ်စွဲပြောဆိုခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂတို့က ရန်ပုံငွေတွေနဲ့ ဖွဲ့စည်းထားတဲ့ ရုရှားဘာသာနဲ့ Golos “မဲပေးကြ” ဆိုတဲ့အမည်နဲ့ လွတ်လပ်တဲ့ စောင့်ကြည့်လေ့လာရေးအဖွဲ့ Vote အဖွဲ့ရဲ့ ခေါင်းဆောင် မစ္စ လီလီယာ ရှီဘာနိုဗာ (Lilya Shibanova) ဟာ စနေနေ့မှာ မော်စကိုမြို့တော်က Sheremetyevo လေဆိပ်မှာ အာဏာပိုင်တွေရဲ့ ခေတ္တထိန်းသိမ်းခြင်းကို ခံခဲ့ရပါတယ်။
သူ့ရဲ့ လက်ပ်တော့ပ်ကွန်ပြူတာကို ခေတ္တစစ်ဆေးဖို့ လေဆိပ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေက တောင်းဆိုတာက သူက ငြင်းခဲ့တဲ့အတွက် ထိန်းသိမ်းခံခဲ့ရတာပါ။ ၁၂ နာရီကြာ ထိန်းသိမ်းခံရ ပြီးတော့ သူ့ရဲ့ကွန်ပြူတာကို ပေးလိုက်တဲ့နောက်မှာတော့ မစ္စရှီဘာနိုဗာကို ပြန်လွှတ်ပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဒူးမားလွှတ်တော်ဟာ ဆိုဗီယက်ပြည်ထောင်စုခေတ်က လက်ညှိုးထောင် ခေါင်းငြိမ့် လွှတ်တော်ထက် နည်းနည်းပဲသာတယ်လို့ ဝေဖန်ခံနေရချိန်မှာပဲ အခုတခေါက် အမတ်နေရာ ၄၅၀ ရှိတဲ့ ဒူးမားလွှတ်တော်ရဲ့ ရွေးကောက်ပွဲဟာ လူထုက ဗလာဒီမီယာ ပူတင်ကို ဆက်ပြီး ကြိုက်နှစ်သက်သလားဆိုတာ ဆန္ဒခံယူပွဲလည်း ဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။
ဒီကနေ့ ရွေးကောက်ပွဲတွေကို ရုရှားနိုင်ငံရဲ့ စံတော်ချိန် ၉ ခုအလိုက် ပြုလုပ်သွားတာမှာ ဒီကနေ့ မြန်မာ စံတော်ချိန် ည ၁၁ နာရီခွဲ ခါလင်နီဂရက်မြို့က မဲရုံတွေမှာ နောက်ဆုံး မဲပေးပြီးရင်တော့ တပြည်လုံးမှာရှိတဲ့ မဲရုံတွေ ပိတ်မှာဖြစ်ပါတယ်။