သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားလွှတ်တော်အမတ်ဟောင်း ယူကရိန်းမှာ သတ်ခံရ


ရုရှားလွှတ်တော်အမတ်ဟောင်း တဦးဖြစ်တဲ့ Denis Voronenkov ဟာ ယူကရိန်းနိုင်ငံ Kyiv မြို့တော်မှာ ဒီကနေ့ပဲ သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်ခံခဲ့ရပြီး၊ ရုရှားနိုင်ငံက ခိုင်းစေတဲ့ လူသတ်သမားရဲ့ လက်ချက်ဖြစ်ပုံရကြောင်း ယူကရိန်းရဲတပ်ဖွဲ့က ပြောပါတယ်။

လွှတ်တော် အမတ်ဟောင်း Voronenkov ကတော့ အသက်အန္တရာယ်စိုးရိမ်တဲ့အတွက် ယူကရိန်းနိုင်ငံကို ပြီးခဲ့တဲ့နှစ်ထဲမှာပဲ ထွက်ပြေး တိမ်းရှောင်ခဲ့ပြီး၊ ရုရှားလိုလားတဲ့ ယူကရိန်းသမ္မတ Viktor Yanukovych အပေါ် နိုင်ငံတော်သစ္စာဖောက်မှုနဲ့ စွပ်စွဲထားတဲ့ အမှုမှာ သက်သေအဖြစ် ထွက်ဆိုခဲ့တာပါ။

တရားရုံးမှာ သက်သေအဖြစ် ထွက်ဆိုချက်ကြောင့် အသတ်ခံခဲ့ရတာ ဖြစ်နိုင်တယ်လို့လည်း ယူကရိန်း အစိုးရရှေ့နေရုံး အကြီးအကဲ Yuriy Lutsenko ကပြောပါတယ်။ Kyiv မြို့တော်မှာ နေ့ခင်းကြောင်တောင် ပစ်ခတ်လုပ်ကြံခဲ့တာဟာ ရုရှားအစိုးရက လုပ်နေကြ ပုံစံမျိုးဖြစ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။

ရုရှားလွှတ်တော်အမတ်ဟောင်း Voronenkov ဟာ မြို့တော်အချက်အခြာနေရာက ဟော်တယ်တခုရှေ့မှာ ရပ်နေတုန်း သေနတ်သမားက ပစ်ခတ်ခဲ့တာလို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ပစ်ခတ်မှုကြောင့် သက်တော်စောင့် ဖြစ်သူလည်း ဒဏ်ရာရခဲ့ပေမဲ့၊ ပြန်လည်ပစ်ခတ်ခဲ့ရာမှာ သေနတ်သမားကို ထိမှန်ခဲ့ပါတယ်။

ဒဏ်ရာရသွားတဲ့ သက်တော်စောင့်နဲ့ သေနတ်သမား ၂ ယောက်စလုံးကို အခုအခါ ဆေးရုံတင်ထားတယ်လို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ယူကရိန်းနိုင်ငံမှာ တိမ်းရှောင်နေတဲ့ နောက်ထပ် ရုရှားလွှတ်တော်အမတ်ဟောင်း တဦးဖြစ်တဲ့ Ilya Ponomarev ကတော့ သူနဲ့တွေ့ဖို့ စီစဉ်ထားတုန်း အသတ်ခံခဲ့ရတာလို့ ပြောပါတယ်။

သေဆုံးသူ လွှတ်တော်အမတ်ဟောင်းဟာ ဒုစရိုက်သမား တဦးမဟုတ်ဘဲ ရုရှားအစိုးရအတွက် အန္တရာယ်ရှိသူတဦး ဖြစ်တာကြောင့် တိုက်ခိုက်မှု ကျုးလွန်တဲ့ အကြောင်းရင်းဟာ ထင်ရှားတယ်လို့လည်း Facebook လူမှုကွန်ယက်ပေါ်မှာ မှတ်ချက်ပေးခဲ့တာပါ။ ရုရှားအစိုးရကတော့ လွှတ်တော်အမတ်ဟောင်း အသတ်ခံရမှုနဲ့ ပတ်သက်မှုမရှိဘူးဆိုပြီး ငြင်းဆန်ထားပါတယ်။

ရုရှားလွှတ်တော်အမတ်ဟောင်း ယူကရိန်းမှာ သတ်ခံရ
please wait

No media source currently available

0:00 0:01:24 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG