သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ-ရုရှား စစ်ရေး နဲ့ စွမ်းအင်ပူးပေါင်း ဆောင်ရွက်ဖို့ သဘောတူ


အိန္ဒိယဝန်ကြီးချုပ် နဲ့ ရုရှားသမ္မတ တွေ့ဆုံ။ (ဒီဇင်ဘာ ၂၃၊ ၂၀၁၅)
အိန္ဒိယဝန်ကြီးချုပ် နဲ့ ရုရှားသမ္မတ တွေ့ဆုံ။ (ဒီဇင်ဘာ ၂၃၊ ၂၀၁၅)

အိန္ဒိယနဲ့ ရုရှားတို့ဟာ ဒေါ်လာဘီလျံပေါင်းများစွာ တန်ဖိုးရှိတဲ့ နျူကလီယား ဓါတ်အားပေးစက်ရုံတွေ အိန္ဒိယနိုင်ငံမှာ တည်ဆောက်ဖို့ အပြင် ကာကွယ်ရေးနဲ့ အရပ်ဖက် ဆိုင်ရာတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

မော်စကိုကို အလည်လာရောက်တဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး သဘောတူ လက်မှတ်ရေးထိုးပွဲ အပြီးမှာတော့ လာမယ့် အနှစ် ၂၀ အတွင်း အိန္ဒိယနိုင်ငံမှာ ဓါတ်အားပေးစက်ရုံ အနည်းဆုံး ၆ ခု တည်ဆောက်ရေး အတွက် ရုရှားက အကူညီပေးမယ်လို့ ရုရှားသမ္မတ Vladimir Putin က ပြောကြားခဲ့ပါတယ်။

အိန္ဒိယတောင်ပိုင်းက Andhra Pradesh ပြည်နယ်ထဲမှာ တခုကို မီဂါဝပ် ၁၂၀၀ စီ ထုတ်ပေးနိုင်မယ့်နျူကလီယား ဓါတ်အားပေးစက်ရုံ ၆ ခု တည်ဆောက် မှာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ အနားက တမီလ်နာဒူးပြည်နယ် ထဲမှာလည်း ရုရှားက ၆ ခု ဆောက်လုပ်နေပါတယ်။

စစ်ရေးနဲ့ နည်းပညာပိုင်းဆိုင်ရာ အနီးကပ် ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နေတာနဲ့ ပါတ်သက်ပြီး သမ္မတ ပူတင်က ပြောကြားရာမှာတော့ သူတို့ဟာ Brahmos မစ်ဆိုင်း ဒုံးကျည်ထုတ်လုပ်ရေးကို အောင်အောင်မြင်မြင် လုပ်ဆောင်နေကြောင်းနဲ့ ရုရှားပုံစံထုတ် ဂျက်တိုက်လေယာဉ်နဲ့ သယ်ပို့လေယာဉ် ပုံစံသစ်ကို ၂ နိုင်ငံ ပူးတွဲ တည်ဆောက်ဖို့ စီစဉ်နေကြောင်းလည်း ပြောပါတယ်။

အမေရိကန်ကုမ္ပဏီတွေဖြစ်တဲ့ GE နဲ့ Westinghouse အပြင် အမေရိကန်အခြေစိုက် ဂျပန်ရဲ့ Toshiba တို့က အိန္ဒိယနိုင်ငံရဲ့ နျူကလီယာစွမ်းအင် ကဏ္ဍမှာ ပါဝင်လုပ်ဆောင်ဖို့ စဉ်းစားနေချိန်မှာပဲ အိန္ဒိယက ရုရှားကို လက်ခံ လိုက်တာဖြစ်ပါတယ်။ အိန္ဒိယ နျူကလီယာ ဓါတ်ပေါင်းဖိုတွေအတွက် လုပ်ဆောင်မယ့် ဒီကုမ္ပဏီတွေကလည်း မတော်တဆ အန္တရာယ်ဖြစ်လာရင် တာဝန်ခံမှုရှိစေတဲ့ ဥပဒေကြောင့် ဆိုင်းငံ့နေကြတာ ဖြစ်ပါတယ်။

အိန္ဒိယနဲ့ ရုရှား ၂ နိုင်ငံတို့ကတော့ လာမယ့် ဆယ်နှစ်အတွင်း ဒေါ်လာ ၁၀ ဘီလျံကနေ ဘီလျံ ၃၀ ကျော်အထိ ကုန်သွယ်မှု မြှင့်တင်ဖို့လည်း စီစဉ်နေကြတာပါ။

XS
SM
MD
LG