သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထက်လွှတ်တော်အမတ် Lindsey Graham ကို ရုရှားဖမ်း၀ရမ်းထုတ်


ယူကရိန်းနိုင်ငံ၊ Kyiv မြို့မှာ သတင်းထောက်တွေနဲ့ပြောဆိုနေတဲ့ အမေရိကန်အထက်လွှတ်တော်အမတ် Lindsey Graham ၊ မေ ၂၆၊ ၂၀၂၃
ယူကရိန်းနိုင်ငံ၊ Kyiv မြို့မှာ သတင်းထောက်တွေနဲ့ပြောဆိုနေတဲ့ အမေရိကန်အထက်လွှတ်တော်အမတ် Lindsey Graham ၊ မေ ၂၆၊ ၂၀၂၃

ယူကရိန်းတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး မှတ်ချက်ပြုခဲ့တဲ့ အမေရိကန် အထက်လွှတ်တော်အမတ် Lindsey Graham ကို ရုရှားပြည်ထဲရေးဝန်ကြီးဌာနက ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။ တောင်ကယ်ရိုလိုင်းနားက ရီပတ်ဘလင်ကန် အမတ် Graham ဟာ ယူကရိန်းသမ္မတ ဗလော်ဒီမီယာ ဇလန်းစကီးနဲ့ သောကြာနေ့က တွေ့ဆုံခဲ့တာပါ။ ဒီတွေ့ဆုံမှုနဲ့ ပတ်သက်ပြီး ယူကရိန်းသမ္မတရုံးက ထုတ်ပြန်တဲ့ တည်းဖြတ်ထားတဲ့ ဗီဒီယိုထဲမှာ “ရုရှားတွေ သေခါနီးပြီ” လို့ ပြောထားသလို “ယူကရိန်းကို အမေရိကန်က စစ်ရေးကူညီနေတာက ငွေကုန်ရကျိုးနပ်တယ် ” လို့ ဂရေဟမ်က ပြောထားပါတယ်။

ဒီစကားတွေဟာ မတူညီတဲ့ စကားပြောဆိုမှု နှစ်ခုကနေ ထုတ်ယူထားတာဖြစ်ပေမယ့် ယူကရိန်းဘက်က ထုတ်ပြန်တဲ့ဗီဒီယိုအတိုထဲမှာ အတူကပ်လျက် ဖော်ပြထားပါတယ်။ ဒီမှတ်ချက်တွေ အပေါ် ရုရှားဘက်က ဒေါသတကြီးတုံ့ပြန်ပြီး တနင်္လာနေ့က Graham ကိုဖမ်းဝရမ်းထုတ်ခဲ့တာပါ။ ရုရှားရဲ့ ထိပ်တန်း ရာဇ၀တ်မှု စုံစမ်းရေးအဖွဲ့ဖြစ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မတီက Graham ကို ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး အမှုဖွင့်လှစ်လိုက်ပြီး ပြည်ထဲရေး ဝန်ကြီးဌာနက အလိုရှိနေတဲ့ ရာဇ၀တ်မှုနဲ့ သံသယရှိသူအဖြစ် တနင်္လာနေ့က ဖမ်းဝရမ်းထုတ်လိုက်တာဖြစ်ပါတယ်။

မနှစ်ကကြေညာခဲ့တဲ့ ရုရှားနိုင်ငံထဲ ပြည်ဝင်ခွင့်မပေးဘဲ တားမြစ်ထားတဲ့ အမေရိကန် လွှတ်တော် ကွန်ဂရက်အဖွဲ့ဝင် ၂၀၀ ကျော်မှာ Graham လည်း ပါဝင်ပါတယ်။

ရုရှားရဲ့ ဖမ်းဝရမ်းနဲ့ ပတ်သက်ပြီး Graham ကသူ့ရဲ့တွစ်တာ လူမှုကွန်ရက်မှာ ပြန်လည် တုံ့ပြန်ခဲ့ပြီး “ရုရှားစစ်သားတွေ ယူကရိန်းမြေပေါ် က မထွက်ခွာမချင်း ယူကရိန်းနဲ့ အတူ ဆက်လက် ရပ်တည်ပြီး ဒီဖမ်းဝရမ်းဟာသူ့အတွက် ဂုဏ်ယူဖွယ် ဆုတံဆိပ်” လို့ ရေးသားထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG