သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှား ပျက်ကျ လေယာဉ် ဗုံးပေါက်ကွဲမှုကြောင့် ဖြစ်နိုင်ချေ ကန် သုံးသပ်


လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးသွားသူတွေအတွက် လွမ်းသူ့ပန်းစည်းတွေချ။
လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးသွားသူတွေအတွက် လွမ်းသူ့ပန်းစည်းတွေချ။

အီဂျစ်နိုင်ငံ Sanai ကျွန်းဆွယ်ရဲ့ ကောင်းကင်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ပျက်ကျသွားခဲ့တဲ့ ရုရှားပိုင် ဂျက်လေယာဉ်ဟာ ဗုံးပေါက်ကွဲပြီး ပျက်ကျသွားတာဖြစ်ဖို့ များတယ်လို့ အမေရိကန် တာဝန်ရှိသူတွေက မီဒီယာကို ပြောဆိုပါတယ်။ လေယာဉ်ပျက်ကျမှုအတွင်း လူပေါင်း ၂၂၄ ယောက် သေဆုံးခဲ့ရတာပါ။

ဆက်သွယ်ရေးလမ်းကြောင်းတွေကို ကြားဖြတ် နားထောင်ထားတဲ့ အချက်လက်တွေအရ IS အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့ လက်ချက် ဖြစ်နိုင်ဖွယ်ရှိတယ်လို့ တာဝန်ရှိသူတယောက်က AP သတင်းဌာနကို ပြောပြခဲ့ပါတယ်။

အကြမ်းဖက်သူတွေရဲ့ လက်ချက် ဟုတ်မဟုတ် ကျွမ်းကျင်သူတွေက လေယာဉ်ပျက်ကို စစ်ဆေးနေပြီး၊ တချို့သတင်းတွေမှာတော့ သေဆုံးသူတွေထဲက တချို့မှာ ချွန်ထက်တဲ့အရာတွေ စူးနေတာ တွေ့ရတယ်လို့ မှုခင်းဆေးပညာ စစ်ဆေးတွေ့ရှိချက်တွေမှာ တွေ့ရတယ်လို့ ဆိုပါတယ်။

ကျွမ်းကျင်သူတွေဟာ လေယာဉ်ရဲ့ ပျံသန်းမှု အချက်လက်တွေနဲ့ လေယာဉ်မှူးတွေရဲ့ ဆက်သွယ်ပြောဆိုမှုတွေကို ထိန်းသိမ်းထားတဲ့ black box ၂ ခုစလုံးကို ရှာဖွေ တွေ့ရှိထားပြီး ဖြစ်ပါတယ်။

IS အစ္စလာမ်မစ် စစ်သွေးကြွတွေက ဒီဖြစ်ရပ်ကို သူတို့လုပ်ဆောင်တာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ဒီပြောဆိုချက်အပေါ် သက်သေပြနိုင်တဲ့ အထောက်အထားတော့ ထုတ်ဖော်ပြသနိုင်ခြင်း မရှိပါဘူး။ သူတို့ ဆန္ဒရှိတဲ့အချိန်မှာ အသေးစိတ်အချက်ကို ပြသမယ်လို့ ပြောပါတယ်။

အီဂျစ်သမ္မတ Abdel Fattah el-Sisi ကတော့ ဒါဟာ သက်သက် ဝါဒဖြန့်နေတာသာဖြစ်ကြောင်း၊ အီဂျစ်နိုင်ငံရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်မှုကို ထိခိုက်စေလို့ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ပြောပါတယ်။

XS
SM
MD
LG