သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားသမ္မတ နဲ့ အနောက်နိုင်ငံခေါင်းဆောင်များ မျက်နှာချင်းဆိုင် တွေ့ဆုံ


ရုရှသမ္မတနဲ့ ပြင်သစ်သမ္မတ တွေ့ဆုံ။ (ဇွန် ၅၊ ၂၀၁၄)
ရုရှသမ္မတနဲ့ ပြင်သစ်သမ္မတ တွေ့ဆုံ။ (ဇွန် ၅၊ ၂၀၁၄)
ရုရှားသမ္မတ Vladimir Putin ဟာ ယူကရိန်းပဋိပက္ခ စတင်တဲ့အချိန်ကစလို့ အနောက်အုပ်စုနိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ ပထမဆုံးအကြိမ်အဖြစ် ကြာသပတေးနေ့က မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့ပါတယ်။ D – Day လို့ခေါ်တဲ့ ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမန်တပ်ဖွဲ့တွေကို ပြင်သစ်နိုင်ငံ Normandy ကမ်းခြေမှာ မဟာမိတ်တပ်ဖွဲ့တွေက စတင် ထိုးစစ်ဆင် တိုက်ခိုက်တဲ့နေ့ အထိမ်းအမှတ် နှစ်ပတ်လည် အခမ်းအနားကို နိုင်ငံတကာ ခေါင်းဆောင်တွေ တက်ရောက်တဲ့အချိန် အခုလို တွေ့ဆုံကြတာ ဖြစ်ပါတယ်။

နှစ်ပေါင်း ၂၀ ကျော်အတွင်း ရုရှားမပါပဲ အနောက်အုပ်စု ခေါင်းဆောင်တွေနဲ့ အမေရိကန်သမ္မတ Barack Obama တို့ Brussels မြို့မှာ တွေ့ဆုံပြီး နာရီပိုင်းအကြာမှာပဲ ဗြိတိသျှဝန်ကြီးချုပ် David Cameron ၊ ပြင်သစ်သမ္မတ Francois Hollande တို့နဲ့ သမ္မတ ပူတင် ပဲရစ်မြို့မှာ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းဒေသမှာ ခွဲထွက်ရေးအတွက် တောင်းဆို လှုပ်ရှားနေကြသူတွေကို ရုရှားက ထောက်ပံ့ပေးနေတဲ့အပေါ် G – 7 လို့ခေါ်တဲ့ စက်မှုဖွံ့ဖြိုးတဲ့နိုင်ငံတွေက ခေါင်းဆောင်တွေပြုလုပ်တဲ့ ဆွေးနွေးပွဲအတွင်း ရုရှားအပေါ် ပြစ်တင် ဝေဖန်လိုက်ကြပါတယ်။ ရုရှားအစိုးရအနေနဲ့ အသစ် ရွေးကောက်တင်မြောက်ခံထားရတဲ့ ယူကရိန်းသမ္မတနဲ့ တိုက်ရိုက် ဆွေးနွေး ညှိနှိုင်းပြီး ရုရှားဖက်ကနေ ယူကရိန်းနိုင်ငံအတွင်းမှာ ရှိနေတဲ့ ခွဲထွက်ရေးသမားတွေထံ လက်နက်တွေ တင်ပို့နေတာကို ရပ်တန့်ပစ်ဖို့အတွက် သမ္မတ အိုဘားမားက နောက်ပိုင်းမှာ တောင်းဆိုခဲ့ပါတယ်။

မေလ ၂၅ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ယူကရိန်းသမ္မတ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုမယ့်အကြောင်း ရုရှားအစိုးရက ပြောကြားခဲ့တာကိုလည်း အနောက်အုပ်စု ခေါင်းဆောင်တွေရဲ့ စည်းဝေးပွဲအတွင်း မှတ်တမ်း တင်ခဲ့ပါတယ်။

ဒါပေမယ့် ရုရှားအနေနဲ့ ယူကရိန်းနိုင်ငံထဲက ခွဲထွက်ရေးသမားတွေကို ဆက်လက် ထောက်ခံနေဦးမယ် ဆိုရင်တော့ နောက်ထပ် စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေနဲ့ အခုသီတင်းပတ်အတွင်း ရင်ဆိုင်ရနိုင်တယ်လို့ သမ္မတ အိုဘားမားက သတိပေး ပြောကြားခဲ့ပါတယ်။
XS
SM
MD
LG