အခုဆိုရင် နှစ်မြုပ်ရုရှားငါးဖမ်းသင်္ဘောပေါ်က ကယ်တင်ထားတဲ့ မြန်မာသင်္ဘောသား ၂၂ ဦးကို ဒီရုရှားသင်္ဘောပေါ်ကို ဘယ်လိုဘယ်ပုံ ရောက်လာသလဲဆိုတာ သိရှိနိုင်ဖို့ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးဘက်က စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။
မြန်မာသင်္ဘောသားတွေအတွက် ရပိုင်ခွင့်အခွင့်အရေးတွေ ရရှိနိုင်ဖို့ ဆောင်ရွက်ပေးနေသလို ပျောက်ဆုံးသွားတဲ့ သူတို့ရဲ့ နိုင်ငံကူးလက်မှတ်တွေကိုလည်း မော်စကိုမြန်မာသံရုံးက အမြန်ဆုံး ပြန်ထုတ်ပေးနိုင်အောင် စီစဉ်နေပြီး မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိနိုင်အောင် စီစဉ်ဆောင်ရွက်ပေးနေတဲ့အကြောင်း ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံမှူးကြီးက ပြောပါတယ်။ အသေးစိတ် မဆုမွန် စုစည်းတင်ပြထားပါတယ်။
ဒီကနေ့ ဧပြီလ ၈ ရက်နေ့ မှာ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးထုတ်ပြန်ချက်အရ နောက်ဆုံး အခြေအနေကတော့ ရုရှားနစ်မြုပ်ငါးဖမ်းသဘောၤပေါ်က ကူညီကယ်ဆယ်ထားတဲ့ မြန်မာသင်္ဘောသားတွေကို ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး တာဝန်ရှိသူတွေက သူတို့ကို မြန်မာနိုင်ငံက ကုမ္ပဏီတွေဘက်က ဘယ်လိုစေလွှတ်လိုက်သလဲ၊ နောက် ဒီရုရှားသင်္ဘောပေါ်ကို မည်သို့မည်ပုံ ဘယ်လို ရောက်ရှိလာကြသလဲဆိုတာကို တဦးခြင်း မေးမြန်းစုံစမ်းနေပြီ ဖြစ်ပါတယ်။
မြန်မာသင်္ဘောသားတွေကို ကယ်တင်စောင့်ရှောက်ထားရှိတဲ့ ရုရှားနိုင်ငံတောင်ပိုင်း Sakhalin မြို့က Pacific Plaza hotel မှာ မြန်မာသဘောၤသား ၂၂ ဦးကို ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး တတိယအတွင်းဝန် ဦးတိုးလွင်နဲ့ သံရုံးဘာသာပြန်အရာရှိ ဦးဝေဖြိုးတို့က သွားရောက်တွေ့ဆုံပြီး မြန်မာသံရုံး တာဝန်ရှိသူတွေဘက်က မြန်မာသင်္ဘောသားတွေနဲ့ ပတ်သတ်တဲ့ လိုအပ်တဲ့ သတင်း အချက်အလက်များ မေးမြန်းစုံစမ်းပြီး ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။
အသက်ရှင် ကျန်ရစ်သူတွေအပြင် သေဆုံးခဲ့ရသူနဲ့ နောက်ပြီးတော့ ပျောက်ဆုံးနေဆဲ မြန်မာသင်္ဘောသားတွေအတွက် ဆုံးရှုံးနစ်နာခဲ့ရမှုတွေ အတွက်လည်း ရသင့်ရထိုက်တဲ့ ရပိုင်ခွင့် အခွင့်အရေးတွေ ရရှိရေး မြန်မာသံရုံး တာဝန်ရှိသူတွေဘက်က ဒေသအာဏာပိုင်တွေနဲ့ ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်ပေးနေတယ်လို့လည်း ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံမှူးကြီး ဦးအောင်ကျော်မိုးက ဗွီအိုအေမြန်မာပိုင်းကို အခုလို ပြောပါတယ်။
“ကုမ္ပဏီအနေနဲ့ ဒီလျော်ကြေးကိစ္စကို ဒီနေ့ ၈ ရက်နေ့မှာ ပြန်ပြီး ဆွေးနွေးမယ်လို့ ပြောသွားတယ် မနေ့က။ ပြောသွားသော်လည်း ဒီနေ့က မနေ့က ကတိပေးထားတဲ့အတိုင်း Governor လည်း ဒီနေ့ လာတွေ့မယ်ဆိုပြီး ပြောတယ်။ မတွေ့ပါဘူး။ ကျနော်တို့ကိုယ်စားလှယ်နဲ့ မတွေ့ဖြစ်ပါဘူး။ နောက်တခါ ဒီသင်္ဘောကုမ္ပဏီရဲ့ ကိုယ်စားလှယ်ကလည်း ကျနော်တို့သံရုံးကိုယ်စားလှယ်နဲ့ လာမတွေ့ဖြစ်ပါဘူး ဒီနေ့။ ကျနော်တို့ အလွတ်သဘော သိရတာကတော့ သူတို့ရုရှားသင်္ဘောသားတွေနဲ့ပဲ သွားပြီးတွေ့နေတယ်လို့ ပြောပါတယ်။ ဒီနေ့ မတွေ့ဖြစ်သေးပါဘူး။”
မေး။ ။ ဟုတ်ကဲ့ အဲတော့ အန်ကယ်လ်တို့ မြန်မာသံရုံးဘက်ကပေါ့နော် ဘာများလုပ်ဆောင်ပေးနေတာ ရှိပါသလဲရှင်။
ဖြေ။ ။ “ကျနော်တို့ အခု လောလောဆယ် ပတ်စ်ပို့တွေ ထုတ်နေပါတယ်။ သူတို့ပြန်ဖို့အတွက်ကို။ ပြီးရင် ကျနော်တို့ ဗီဇာကိစ္စလေး ဘာလေး လုပ်ရပါမယ်။ transit visa ဘာညာ၊ ပြီးလို့ရှိရင်တော့ death body တွေ ပြန်ပို့ဖို့တွေ၊ လျော်ကြေးကိစ္စတွေ ကျနော်တို့ ဆွေးနွေးသွားဖို့ရှိပါတယ်။ သူတို့ဘက်က စုံစမ်းစစ်ဆေးရေးပေါ့ Immigration မဟုတ်ပါဘူး။ စုံစမ်းစစ်ဆေးရေးက လာပြီးတော့ သင်္ဘောနစ်မြုပ်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ သင်္ဘောသားတွေကို လာပြီး မေးတာမြန်းတာ ဒါပဲရှိပါတယ်။ ကျနော်တို့ ဘာသာစကား အခက်အခဲအရ အင်္ဂလိပ်ရော၊ ရုရှားလိုရော ကျနော်တို့ဘက်က ဘာသာပြန်ပြီးတော့ မေးပေးပါတယ်။ ဖြစ်စဉ်အတိအကျကတော့ နောက်မှ ဒါ အစီရင်ခံ တင်ပြရမှာ ကျနော်တို့ နိုင်ငံခြားရေးကတဆင့်ဆိုတော့။ အခုလောလောဆယ်ကတော့ ဘာကြောင့် Accident ဘယ်လိုဖြစ်တယ် ဘာညာဆိုတာ အသေးစိတ်ပြောလို့ မရသေးပါဘူး။”
အသက်ရှင်ကျန်ရစ်ခဲ့တဲ့ မြန်မာသင်္ဘောသားတွေကို မြန်မာသံရုံးဘက်က ကူညီကယ်ဆယ်ပေးနေတာနဲ့ ပတ်သက်ပြီး အသက်ဘေးက လွတ်မြောက်လာသူ မြန်မာသင်္ဘောသားတဦးက အခုလို ပြောပြပါတယ်။
“အခုအချိန်ထိ သံရုံးနဲ့ ကုမ္ပဏီနဲ့ ပြောနေတုန်း အခုထိ မရသေးဘူး။ သူတို့အခုမှ ညှိနှိုင်းနေကြတုန်း။ အဲဒီသင်္ဘောက ပထမ ကျနော်တို့လာတုန်းက ကိုရီးယားမှာ ကိုရီးယားတာဝန်ပေါ့ ကျနော်တို့လာတုန်းက။ ပြီးတော့မှ ကိုရီးယား တာဝန်ကနေ အဲ့ဒီသင်္ဘော အရာရှိတယောက် ရောက်လာတယ်။ လာတုန်းကတော့ ဘယ်သင်္ဘောရယ်လို့တော့ မသိဘူး။ ကိုရီးယားကနေပြီး သင်္ဘောတက်ဖို့ဆိုပြီး ခေါ်တာ။ ပြီးတော့မှ ကျနော်တို့ ရုရှား Sea ထဲ ရောက်ပြီးတော့မှ ဒီဟာတွေလိုမယ်၊ ဒီဟာ ဒီဟာတွေဆိုပြီး။ အခုလိုဖြစ်မှပဲသိတာ။ ကျနော်တို့လည်း အခုအချိန်အထိ ဘာမှ မသိသေးဘူး။”
အခုထုတ်ပြန်ထားတဲ့ စာရင်းအရတော့ ရုရှားနစ်မြုပ်ငါးဖမ်းသဘောၤပေါ်က မြန်မာသင်္ဘောသားတွေအနက် ကူညီကယ်ဆယ်ထားတဲ့ သဘောၤသားက ၂၂ ဦးဖြစ်ပြီး၊ သေဆုံးသူ ၁၆ လောင်း ပြန်လည် ဆယ်ယူရရှိထားပြီး ဖြစ်ပါတယ်။ ကျန် ၄ ယောက်ကတော့ အခုအချိန်အထိ ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားပါတယ်။ အခု အသက်ရှင်လျက် ကျန်ရှိခဲ့တဲ့ မြန်မာသင်္ဘောသား ၂၂ ဦးစလုံး ကျန်းမာရေး စောင့်ရှောက်မှု ခံယူနေပြီး သူတို့တွေ ထိခိုက်ဒဏ်ရာ ရရှိခဲ့မှုမရှိကြဘဲ ကျန်းမာရေး ကောင်းမွန်ပါကြောင်းနဲ့ သူတို့တွေ မြန်မာနိုင်ငံကို အမြန်ဆုံး ပြန်ရောက်အောင် သံရုံးဘက်က စီစဉ်ဆောင်ရွက်ပေးနေတဲ့အကြောင်း အခုလို ပြောပြပါတယ်။
“အဲဒီ ရှင်တဲ့ ၂၂ ယောက်လုံးကတော့ ကျန်းကျန်းမာမာ ရှိတယ်လို့။ ဘာမှစိတ်မပူပါနဲ့လို့။ ကျန်းမာရေးလည်း အဆင်ပြေတယ်လို့။ ပိုက်ဆံကိစ္စလည်း ဒီသံရုံးက အကိုတွေနဲ့ ကုမ္ပဏီကတော့ အကုန်လုံး ညှိနှိုင်းပေးနေတယ်ဆိုတာ စိတ်ပူစရာတော့ မရှိပါဘူး။ ဖြစ်သွားတဲ့ ကျနော်တို့ သူငယ်ချင်းတွေရဲ့ မိသားစုတွေအတွက်တော့ အတော်လေး ဝမ်းနည်းပါတယ်လို့။ မတွေ့သေးတဲ့ အလောင်း ၄ လောင်းကိုလည်း သူတို့ရှာပေးမယ်လို့တော့ အခုအချိန်ထိ ပြောနေသေးတယ်။ အဲဒါလေးကို ကျနော် ပြောချင်ပါတယ်။”
မြန်မာသင်္ဘောသားတွေကို တရားမဝင် ခေါ်ယူခဲ့တဲ့ ရုရှားသင်္ဘောလိုင်းပိုင်ရှင်က အခုတိမ်းရှောင်နေတဲ့အတွက် ဒုတိယအကြီးအကဲကို ထိန်းသိမ်းထားပြီး သင်္ဘောလိုင်းပိုင်ရှင်ရဲ့ ဘဏ်အကောင့်တွေကို ရုရှားအစိုးရက ထိန်းသိမ်းလိုက်ပြီဖြစ်ကြောင်းနဲ့ ကယ်ဆယ်ထားတဲ့ မြန်မာသင်္ဘောသား ၂၂ ယောက်ရဲ့ ပျောက်ဆုံးသွားတဲ့ နိုင်ငံကူးလက်မှတ်တွေကိုလည်း မော်စကို မြန်မာသံရုံးက ၁ ရက်အတွင်း အမြန်ဆုံး အသစ်ပြန်ထုတ်ပေးပြီး သူတို့ကို အခုထားရှိတဲ့ ရုရှားနိုင်ငံတောင်ပိုင်း Sakhalin မြို့ကို အမြန်ဆုံး ပေးပို့သွားမှာဖြစ်တယ်လို့ မော်စကို ရုရှားဆိုင်ရာ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားပါတယ်။