နေတိုးခေါ် မြောက်အတ္တလန်တစ် စာချုပ်အဖွဲ့ဟာ စစ်အေးကာလ ပြိုင်ဘက်ဟောင်း ရုရှားနိုင်ငံနဲ့ ဆွေးနွေးပွဲ တကျော့စတင်ဖို့ ကြိုးစားနေပါတယ်။ ကာကွယ်ရေး ဒုံးကျည်ကိစ္စ၊ အာဖဂန်နစ္စတန် စစ်ပွဲကိစ္စ စတာတွေမှာ ပိုပြီးတော့ နက်နက်ရှိုင်းရှိုင်း ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ ဖြစ်ပါတယ်။
နှစ်ဘက် ပိုမို ပူးပေါင်း ဆောင်ရွက်နိုင်ရင် ဥရောပ လုံခြုံရေးအတွက်ရော၊ ၂၁ ရာစုအတွင်း နှစ်ဘက် လုံခြုံရေးအတွက်ပါ အပြုသဘော အကျိုးသက်ရောက်မှု ရှိလိမ့်မယ်လို့ နေတိုး အတွင်းရေးမှူးချုပ် အန်းဒါးစ် ဖို့ဂ် ရပ်စ်မူဆန် (Anders Fogh Rasmussen) က ဆိုပါတယ်။
အခု သောကြာနေ့ ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့တော်မှာ ပြုလုပ်မယ့် နေတိုး နှစ်ပတ်လည် ထိပ်သီး အစည်းအဝေးပွဲ အတွင်းမှာပဲ နေတိုးနဲ့ ရုရှား အရာရှိတွေ သီးခြား ဆွေးနွေးကြဖို့ ရှိပါတယ်။
ဥရောပ ကာကွယ်ရေးဒုံးကျည် အစီအစဉ်ဟာ ရုရှား ပါဝင်ဖို့ နေတိုးက ဖိတ်ခေါ်လိမ့်မယ်လို့ ယူဆရပါတယ်။ ဒါပေမဲ့ စစ်အေးကာလ စိုးရိမ်မှုတွေကို ကျော်လွှားပြီး ဒီကာကွယ်ရေးဒုံးကျည် အစီအစဉ်ဟာ ရုရှားကို ပစ်မှတ်ထားတာ မဟုတ်ဘူး ဆိုတာကိုလည်း ရုရှားတို့ နားဝင်အောင် ရှင်းပြရပါလိမ့်မယ်။
အာဖဂန်နဲ့ ပတ်သက်လို့ ရုရှားကိုဖြတ်ပြီး လက်နက်မဟုတ်တဲ့ ပစ္စည်းတွေ တလမ်းသွား ပို့ပေးနေရာက အသွားအပြန် နှစ်လမ်းလုံးအတွက် ရုရှားကို သုံးခွင့်ပြုဖို့ နေတိုးဘက်က မျှော်လင့်ထားပါတယ်။