သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားအတိုက်အခံ လုပ်ကြံခံရမှု သံသယရှိသူ ညှဉ်းပန်းစစ်ဆေးခံရ


ရုရှားအတိုက်အခံခေါင်းဆောင် Boris Nemtsov ကို သတ်တယ်လို့ အဓိက သံသယရှိသူဟာ ညှဉ်းပန်းနှိပ်စက်မှုကြောင့် သူသတ်ကြောင်း ဝန်ခံခဲ့မယ်လို့ ယုံကြည်ရကြောင်း ရုရှားလူ့အခွင့်ရေးကောင်စီ အဖွဲ့ဝင် Andrei Babushkin က ပြောကြားလိုက်ပါတယ်။

အဖမ်းခံနေရသူ Zaur Dadayev ကို မနေ့က အကျဉ်းထောင်မှာ သွားတွေ့တုန်းက သူ့ရဲ့ကိုယ်ပေါ်မှာ ဒဏ်ရာတွေ အများအပြား တွေ့ခဲ့ရတယ်လို့ ဒီကနေ့ Babushkin က သတင်းထောက်တွေကို ပြောတာပါ။

တချိန်တည်းမှာပဲ Nemtsov ကို သူမသတ်ဘူးလို့ မော်စကိုက Moskovsky Komsomolets သတင်းစာက ရေးပါတယ်။ Dadayev က အာဏာပိုင်တွေကို သူမသတ်ဘူးလို့ ပြောခဲ့ပြီး တရားသူကြီးဆီမှာ အပြစ်မရှိကြောင်း လျှောက်လဲဖို့ စီစဉ်ထားပေမဲ့ တရားရုံး ရောက်ရင်တော့ သူပြောခွင့်ရတော့မှာ မဟုတ်ကြောင်းပါ ပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် သူနဲ့အတူ အဖမ်းခံရတဲ့ သူငယ်ချင်းဖြစ်သူ လွတ်မြောက်စေဖို့ သတ်ပါတယ်လို့ ရဲကို ဝန်ခံခဲ့ကြောင်း Dadayev က ပြောတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။ တနင်္ဂနွေနေ့တုန်းက ရုရှားတရားသူကြီးက Nemtsov ကို Dadayev သတ်တယ်လို့ ဝန်ခံကြောင်းနဲ့ တခြားသံသယရှိသူ ၄ ယောက်အတွက် ဆက်ပြီး စုံစမ်းစစ်ဆေးနေတယ်လို့ ကြေညာခဲ့တာပါ။

ရုရှားသမ္မတ Vladimir Putin ရဲ့ အဓိက အတိုက်အခံ Nemtsov ဖေဖော်ဝါရီလ ၂၇ ရက်နေ့က အသတ်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး မေးမြန်းဖို့ ဖမ်းဆီးထားတဲ့ သံသယရှိသူ ၅ ဦးစလုံးကို မော်စကို တရားရုံးမှာ ရုံးထုတ်ခဲ့တာ ဖြစ်ပါတယ်။ Nemtsov ဟာ Kremlin နန်းတော်နားက တံတားမှာ သူ့အမျိုးသမီးနဲ့ ဖြတ်လျှောက်လာတုန်း နောက်ကျောကနေ သေနတ်နဲ့ ၄ ချက် ပစ်ခတ်တာ ခံခဲ့ရတာပါ။

တရားသူကြီး Nataliya Mushnikova က Dadayev က သူသတ်ကြောင်း လက်မှတ်ထိုး ဝန်ခံခဲ့တယ်လို့ ပြောပေမဲ့ ဘယ်လို ပါဝင်ခဲ့တယ် ဆိုတာကိုတော့ အသေးစိတ် ထုတ် မပြောခဲ့ပါဘူး။ နောက်တယောက်ကတော့ သူမသတ်ကြောင်း ငြင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG