ရုရှား သတင်းစာဆရာ တဦးလည်းဖြစ် နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်တဦးလည်းဖြစ်တဲ့ Dmitry Muratov က ယူကရိန်းဒုက္ခသည်တွေကို ကူညီနိုင်ဖို့သူ ပိုင်ဆိုင်တဲ့ ငြိမ်းချမ်းရေး နိုဘဲလ်ဆုကို လေလံတင် ရောင်းချမှာဖြစ်ပါတယ်။ Muratov ဟာ ရုရှားအစိုးရကို ဝေဖန်ရေးသားလေ့ရှိတဲ့ Novaya Gazeta သတင်းစာရဲ့ ဝါရင့် အယ်ဒီတာချုပ်လည်း ဖြစ်ပါတယ်။ Novaya သတင်းစာကိုတော့ အရင် ဆိုဗီယက် သမ္မတဟောင်းလည်း ဖြစ်တဲ့ Mikhail Gorbachev ရဲ့ နိုဘဲလ်ငြိမ်းချမ်းရေးဆုကြေးငွေ တွေနဲ့ ၁၉၉၃ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာပါ။
သဘောထား ကွဲလွဲမှုတွေကို ရေးသားတင်ပြနေတဲ့အပေါ် အစိုးရက တင်းကျပ်စွာ ထိန်းချုပ်တာကို Novaya Gazeta သတင်းစာက နှစ်ပေါင်းများစွာ ကြံ့ကြံ့ခံ ရင်ဆိုင်လာခဲ့ပေမဲ့ ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး အစိုးရကို ဝေဖန်ရေးသားခဲ့ပြီးနောက် ပြီးခဲ့တဲ့ မတ်လထဲမှာတော့ ဒီသတင်းစာရဲ့ အွန်လိုင်းစာမျက်နှာနဲ့ သတင်းစာ ပုံနှိပ်ထုတ်ဝေမှုတွေ ရပ်ဆိုင်းခံလိုက်ရပါတယ်။
ယူကရိန်းပြည်သူတွေရဲ့ အနာဂတ်ကို ဖျက်ဆီးပစ်ဖို့ ရုရှားက လုပ်ချင်နေပေမယ့် ၊ ဒုက္ခသည်တွေမှာ အနာဂတ် ဆက်ရှိနေသေးတယ်ဆိုတာကို ကျနော်တို့က ဝိုင်းဝန်းပြသရမှာဖြစ်တယ်လို့ Muratov ကပြောပါတယ်။ ဒါ့အပြင် လူသားချင်း စည်းလုံးညီညွတ်မှု ရှိတယ်ဆိုတာကို ပြသဖို့က အရေးကြီးဖြစ်တယ်လို့ သူက ပြောပါတယ်။ Muratov ရဲ့ နိုဘဲလ်ငြိမ်းချမ်းရေးဆုကို Heritage လေလံကုမ္ပဏီက ဇွန်လ(၂၀)ရက် ကမ္ဘာ့ဒုက္ခသည်များနေ့မှာ လေလံတင်မှာ ဖြစ်ပါတယ်။
Unicode