ရုရှားနိုင်ငံ မြို့တော် မော်စကို အနီး မနေ့ တနင်္ဂနွေနေ့က လေယာဉ်ပျက်ကျခဲ့တာမှာ လိုက်ပါသွားသူ ၇၁ ဦး စလုံး သေဆုံးခဲ့ကြရပြီးနောက် ဒီကနေ့ တနလာင်္နေ့မှာတော့ အရေးပေါ် ကယ်ဆယ်ရေးလုပ်သားတွေ၊ စုံစမ်းရေးမှူးတွေက နှင်းတွေဖုံးနေတဲ့ ကွင်းပြင်ထဲမှာ သေဆုံးသူတွေရဲ့ ကြွင်းကျန် ရုပ်အလောင်းတွေနဲ့ သဲလွန်စတွေကို ရှာဖွေနေကြပါတယ်။
အသက် ၅ နှစ်ကနေ ၇၉ နှစ်ကြား ခရီးသည် ၆၅ ဦး လိုက်ပါခဲ့တ်ာလို့ ရုရှား အရေးပေါ် ၀န်ကြီးဌာနက ထုတ်ထားတဲ့ စာရင်းမှာ ဖော်ပြပေမယ့် ဘယ်နိုင်ငံသားတွေ ဖြစ်သလဲ ဆိုတာကိုတော့ ဖော်ပြမထားပါဘူး။ လေယာဉ်ပျက်ကျရာ နေရာမှာ လူပေါင်း ၄၀၀ ကျော်နဲ့ ကား အစီး ၇၀ စေလွှတ်ထားတယ်လို့လည်း ၀န်ကြီးဌာနက ပြောပါတယ်။
Antonov AN-148 လေယာဉ် ပျံတက်ပြီး မကြာခင် ပျက်ကျခဲ့ရတဲ့ အကြောင်းရင်းကို အထူးကော်မရှင်ဖွဲ့ စုံစမ်းဖို့ သမ္မတ Vladimir Putin က ညွှန်ကြားထားပါတယ်။ ပျက်ကျစေခဲ့တဲ့ အကြောင်းရင်း ဖြစ်နိုင်ခြေတွေထဲမှာတော့ လူ့အမှား၊ နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှုနဲ့ ရာသီဥတု အခြေအနေတွေကို စုံစမ်းရေး ကော်မတီက ပြောဆိုထားပေမယ့် အကြမ်းဖက်ဝါဒစွဲ တိုက်ခိုက်မှု ဖြစ်နိုင်ခြေကိုတော့ ရည်ညွန်းမထားပါဘူး။ ရှာဖွေရေး အဖွဲ့က လေယာဉ်ပျံသန်းမှု မှတ်တမ်းစက်တလုံးကို တွေ့ရှိထားပေမယ့် အဲဒီဟာကလည်း အချက်အလက်၊ အသံမှတ်တမ်း ဟုတ် မဟုတ်ဆိုတာတော့ ရှင်းရှင်းလင်းလင်း မရှိသေးဘူးလို့ ရုရှား သတင်းတွေမှာ ဖော်ပြနေကြပါတယ်။