သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားဝန်ကြီးချုပ် Crimea ဒေသရောက်


ရုရှားဝန်ကြီးချုပ် Dmitry Medvedev ခရိုင်းမီးယားဒေသမြို့တော် Simferopol မှာ အစိုးရအဖွဲ့ အစည်းအဝေးကျင်းပစဉ်။ (မတ် ၃၁၊ ၂၀၁၄)
ရုရှားဝန်ကြီးချုပ် Dmitry Medvedev ခရိုင်းမီးယားဒေသမြို့တော် Simferopol မှာ အစိုးရအဖွဲ့ အစည်းအဝေးကျင်းပစဉ်။ (မတ် ၃၁၊ ၂၀၁၄)
ရုရှားဝန်ကြီးချုပ် Dmitry Medvedev ဟာ ခရိုင်းမီးယား ဒေသကို ရောက်ရှိနေပြီး ဒီလအစောပိုင်းမှာ ခရိုင်းမီးယားကို ယူကရိန်းဆီက သိမ်းယူလိုက်ပြီးကတည်းက ရုရှားရဲ့ အဆင့်အမြင့်ဆုံးအရာရှိ အဲဒီဒေသကို သွားရောက်တာ ဖြစ်ပါတယ်။ သူ့အဆို ခရိုင်းမီးယား ကျွန်းဆွယ်ဖွံ့ဖြိုးရေးအတွက် ပြုလုပ်မယ့် အစည်းအဝေး တက်ရောက်ဖို့ ရုရှား အရာရှိကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး လာရောက်တာဖြစ်တယ်လို့ မစ္စတာ Medvedev က ပြောပါတယ်။

ခရိုင်းမီးယားဒေသမှာ အထူးစီးပွားရေးဇုန် ဖန်တီးပြီး စီးပွားရေးလုပ်ငန်းတွေအတွက် အခွန်နှုန်းထားနည်းနည်း စည်းမျဉ်းရိုးရိုးရှင်းရှင်း ပြုလုပ်ပေးထားမယ်လို့ ဝန်ကြီးချုပ် Dmitry Medvedev က ပြောပါတယ်။ အဲဒီဒေသမှာ လစာနဲ့ ပင်စင်ကို တိုးမြှင့်ပေးမယ်လို့လည်း မစ္စတာ Medvedev က ကတိပြုသွားပါတယ်။

ယူကရိန်းနိုင်ငံအရှေ့ပိုင်းနဲ့ တောင်ပိုင်းနယ်စပ်တလျှောက် ထောင်သောင်းချီချထားတဲ့ ရုရှားတပ်ဖွဲ့တွေကို ပြန်ရုပ်သိမ်းဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry တောင်းဆိုသွားပြီး နောက်တရက် ဒီကနေ့ တနင်္လာနေ့မှာပဲ အခုလို မစ္စတာ Medvedev အစည်းအဝေးခေါ်ယူတာပါ။

ရုရှား တပ်တွေကြောင့် ယူကရိန်းမှာ အထိတ်တလန့်ဖြစ်နေစေပြီး သံတမန်ရေးအတွက်လည်း အကျိုးမရှိစေဘူးလို့ မစ္စတာ Kerry က ရုရှား နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov ကို မနေ့က ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာ ပြောသွားပါတယ်။ မစ္စတာ Lavrov ကတော့ ရုရှားတပ်ဖွဲ့တွေနဲ့ ပတ်သက်ပြီး တိုက်ရိုက် ပြောသွားတာမျိုးမရှိပါဘူး။ ဒါပေမယ့် ရုရှားဟာ ယူကရိန်းနယ်စပ်ကို ဖြတ်ကျော်ဖို့ အစီအစဉ်မရှိပါဘူးလို့ အမေရိကန်ကို အရင်တပတ်လုံးလိုလို အာမခံနေတာပါ။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Kerry ကတော့ ယူကရိန်းဟာ သူတို့ရဲ့ အနာဂတ်ကို သူတို့ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်ဆိုတာ သူရော မစ္စတာ Lavrov ရော သဘောတူလက်ခံပါတယ်လို့ ပြောပါတယ်ရှင်။
XS
SM
MD
LG