သုံးရလွယ်ကူစေသည့် Link များ

ရုရှားအစိုးရ ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု ထပ်မံဖြစ်ပွား

  • ဗွီအိုအေ (မြန်မာဌာန)

ရုရှားအစိုးရ ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု ထပ်မံဖြစ်ပွား

ရုရှားနိုင်ငံကလွှတ်တော် ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိတယ် ဆိုပြီး မကျေမနပ်ဖြစ်နေတဲ့သူတွေ ထောင်နဲ့သောင်းနဲ့ချီပြီး မနေ့တုန်းက မော်စကိုမြို့က လမ်းမတွေပေါ်ထွက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ ဒီဇင်ဘာလ ၄ ရက်နေ့တုန်းက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ၀န်ကြီးချုပ်ဗလာဒီမီယာပူတင်ရဲ့ လက်ရှိအာဏာရ ပါတီက အနိုင်ရခဲ့တာကို မကျေနပ်လို့ ဆန္ဒပြကြတာပါ။ အေးစက်နေတဲ့ ရာသီဥတုအောက်မှာ လူတစ်သိန်းကျော်ဟာ မနေ့တုန်းက မော်စကိုမြို့လယ်ခေါင်က ဆာခါရောဗ် လမ်းမကြီးပေါ်ကို ထွက်ပြီး ဆန္ဒပြခဲ့ကြတယ်လို့ ဆန္ဒပြပွဲဖြစ်မြောက်ရေး လှုံ့ဆော်စည်းရုံးသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂ ပတ်တုန်းကလည်း အခုလိုကြီးမားတဲ့ ဆန္ဒပြမှုတွေ မော်စကိုမြို့တော်မှာ ဖြစ်ခဲ့တာပါ။ ရုရှားရဲတွေ ပြောတာကတော့ ဆန္ဒပြတဲ့သူတွေက ၂,၈၀၀ လောက်ပဲ ရှိတယ်လို့ ဆိုပါတယ်။ ဆန္ဒပြသူ တော်တော်များများက လှုပ်ရှားမှုအသစ်ရဲ့ သင်္ကေတအဖြစ် အဖြူရောင်ဖဲကြိုးတွေကို တပ်ဆင်ထားကြပြီး အဖြူရောင်ပူဖေါင်းတွေကိုလည်း ကိုင်ဆောင်ထားကြပါတယ်။

လစ်ဘရယ်ဝါဒီတွေရော၊ အမျိုးသားရေးဝါဒီတွေရော၊ တခြားအုပ်စုတွေကပါ ရုရှားမှာ လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေ လုပ်ပေးဖို့နဲ့ ၁၂ နှစ်ကြာ တိုင်းပြည်ကို အုပ်ချုပ်လာခဲ့တဲ့ မစ္စတာပူတင်ရဲ့အာဏာကို အဆုံးသတ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဒီလထဲမှာကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ၀န်ကြီးချုပ် ပူတင်ရဲ့ပါတီက အနိုင်ရခဲ့တာဟာ တရားမ၀င်ဘူး၊ မဲမသမာမှုတွေ ရှိတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောနေကြပါတယ်။

မနေ့ကဆန္ဒပြပွဲမှာ ပြည်သူတွေကို အာဏာပြန်ပေးဆိုပြီး ကြွေးကြော်ခဲ့ကြပါတယ်။ အရင်သမ္မတဟောင်း ဂေါ်ဘာချော့ဗ်ကလည်း ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်တွေကို သေသေချာချာ အာရုံစိုက်ဖို့နဲ့ နိုင်ငံရေးကိုစွန့်လွှတ်ဖို့ မစ္စတာပူတင်ကို တိုက်တွန်းခဲ့ပါတယ်။

XS
SM
MD
LG