သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားရွေးကောက်ပွဲ သမ္မတပူတင် အလွယ်တကူနိုင်ချေရှိ


ရုရှားရွေးကောက်ပွဲ သမ္မတပူတင် မဲထည့်ပြီးစဉ်
ရုရှားရွေးကောက်ပွဲ သမ္မတပူတင် မဲထည့်ပြီးစဉ်

ရုရှားနိုင်ငံမှာတော့ ရွေးကောက်ပွဲတွေ ဒီကနေ့ ကျင်းပနေပြီး၊ ရုရှားပြည်သူတွေလည်း မဲရုံတွေကို သွားရောက်မဲပေးနေကြပါတယ်။ ဒီရွေးကောက်ပဲွဲမှာတော့ လက်ရှိသမ္မတ ဗလာဒီမီယာပူတင်ပဲ အနိုင်ရပြီး သမ္မတအဖြစ်နဲ့ ဆက်ပြီးရှိနေသွားဖို့ သေချာသလောက်ရှိနေပါတယ်။ ရုရှားသမ္မတ ပူတင်ဟာ လွန်ခဲ့တဲ့ ၁၈ နှစ်အတွင်း ရုရှားနိုင်ငံကို ဦးဆောင်လာခဲ့တာဖြစ်ပါတယ်။ ဒီနှစ်ရွေးကောက်ပွဲမှာတော့ မစ္စတာပူတင်နဲ့ အပြိုင် ကိုယ်စားလှယ်လောင်း ၇ ယောက်ဝင်ပြိုင်ခဲ့ကြပေမယ့်၊ ဘယ်သူကမှတော့ မစ္စတာပူတင်ရဲ့ သမ္မတရာထူးနေရာကို ယူနိုင်လောက်တဲ့အထိ စိန်ခေါ်နိုင်တဲ့ အနေအထားမရှိကြပါဘူး။ သမ္မတပူတင်ရဲ့ ပြိုင်ဘက်တွေထဲမှာ အစွန်းရောက်အမျိုးသားရေးဝါဒီတွေ နဲ့ နာမည်ကျော် ရုပ်သံအစီအစဉ်တင်ဆက်တဲ့သူတွေ ပါဝင်ပြီး၊ အဲဒီလူတွေအနေနဲ့ မဲအရေအတွက် သိပ်ရမယ်လို့ မခန့်မှန်းထားကြပါဘူး။ သမ္မတပူတင်အနေနဲ့ မဲအရေအတွက် ရာခိုင်နှုန်း ၅၀ ကျော် ရရှိလိမ့်မယ်လို့ ခန့်မှန်းနေကြပြီး၊ သူ့ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ကတော့ ၇၀ ရာခိုင်နှုန်းလောက် ရမယ်လို့ မျှော်လင့်နေပါတယ်။

ရုရှားနိုင်ငံရဲ့ ရွေးကောက်ပွဲတွေကို ရုရှားနိုင်ငံသား ၁၀၉ သန်းက မဲပေးဖို့ မှတ်ပုံတင်ထားကြပြီး၊ အစိုးရပိုင် လူထုစစ်တမ်းကောက်ယူမှုကုမ္ပဏီ VCIOM ရဲ့ စစ်တမ်းအရတော့ မဲဆန္ဒရှင် ၇၁ ရာခိုင်နှုန်းလောက် မဲပေးကြလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမဲ့လည်း ရုရှားနိုင်ငံက အစိုးရမဟုတ်တဲ့ Levada သုတေသနအဖွဲ့က ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ကောက်ယူခဲ့တဲ့ လူထုစစ်တမ်းအရတော့ မဲဆန္ဒရှင် ၅၈ ရာခိုင်နှုန်းက ဒီရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ စီစဉ်ထားတယ်လို့ ဖော်ပြနေပါတယ်ခင်ဗျာ။ သမ္မတပူတင်ရဲ့အဓိကပြိုင်ဘက်ဖြစ်တဲ့ အတိုက်အခံခေါင်းဆောင် Alexei Navalny ကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ငွေကြေးအလွဲသုံးစားပြုလုပ်မှုနဲ့ ပြစ်ဒဏ်ချမှတ်ခဲ့တာကြောင့်၊ ဒီရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရခဲပါဘူး။ Navalny ကတော့ သူ့ကို အဲဒီလိုပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်တယ်လို့ ဒီရွေးကောက်ပွဲမှာ သူဝင်မပြိုင်နိုင်အောင် နိုင်ငံရေးအရရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ခဲ့တာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG