သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပွဲစဉ်များ


FIFA ဥက္ကဋ္ဌSepp Blatter (ယာ) နဲ့ ရုရှားသမ္မတ Vladimir Putin တို့ ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပွဲစဉ်ဖွင့်ပွဲအခမ်းအနားကျင်းပစဉ်။ (ဇူလိုင် ၂၅၊ ၂၀၁၅)
FIFA ဥက္ကဋ္ဌSepp Blatter (ယာ) နဲ့ ရုရှားသမ္မတ Vladimir Putin တို့ ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပွဲစဉ်ဖွင့်ပွဲအခမ်းအနားကျင်းပစဉ်။ (ဇူလိုင် ၂၅၊ ၂၀၁၅)

ရုရှားနိုင်ငံမှာ ကျင်းပမယ့် ၂၀၁၈ ကမ္ဘာ့ဖလားအတွက် ခြေစစ်ပွဲတွေကို မဲနှိုက်ဆုံးဖြတ်ခဲ့ကြတာမှာ စပိန်နဲ့ အီတလီအပါအဝင် ဥရောပက နာမည်ကြီးအသင်းတွေ ခြေစစ်ပွဲမှာပဲ ထိပ်တိုက်တွေ့ကြတော့မှာဖြစ်ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားအတွက် မဲခွဲဆုံးဖြတ်တာကို ဇူလိုင်လ ၂၅ ရက်နေ့က ရုရှားနိုင်ငံ စိန့်ပီတာစဘာ့ဂ်မြို့မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ရုရှားနိုင်ငံက ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် လက်ခံ ကျင်းပမှာကို FIFA က ထောက်ခံတယ်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဆပ်ဘလတ္တာက ပြောလိုက်ပါတယ်။ ခြေစစ်ပွဲ မဲခွဲကြတဲ့အပေါ် အသင်းတွေရဲ့ တုံ့ပြန်သံတွေနဲ့ အတူ အခြေအနေ အပြည့်အစုံကို ကိုရန်နိုင်က စုစည်းတင်ပြထားပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ပွဲစဉ်တွေ ထွက်ပေါ်လာပါပြီ။ ရုရှားနိုင်ငံ စိန့်ပီတာစဘာ့ဂ်မြို့မှာ စနေနေ့က ခြေစစ်ပွဲအုပ်စုတွေ နဲ့ ပွဲစဉ်တွေကို မဲနှိုက်ဆုံးဖြတ်ခဲ့ကြတာမှာ ဥရောပအသင်းကြီးတချို့ ခြေစစ်ပွဲမှာတင် ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။

အုပ်စု A မှာ နယ်သာလန်နဲ့ပြင်သစ်တို့ တအုပ်စုတည်းကျပြီး ဒီအုပ်စုမှာ ဆွီဒင်နဲ့ဘူလ်ဂေးရီးယားတို့လည်းပါနေတဲ့အတွက် အုပ်စုကျပ်တယ်လို့ ပြောရမှာပါ။ ပြင်သစ်နည်းပြ ဒီဒီယေ ဒေရှောမ့် (Didier Deschamp) ပြောတာကတော့

“နယ်သာလန် နဲ့ ဆွီဒင်တို့လို့ ဥရောပက အကောင်းဆုံးအသင်းတချို့ပါနေတဲ့အတွက် ဒီအုပ်စုက အတော်လေးကျပ်ပါတယ်။ ဒီလိုအုပ်စုမျိုးမှာက ဘာမဆိုဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ခြေစစ်ပွဲတွေက အမြဲတမ်းခက်လေ့ရှိပါတယ်။ ကျနော်တို့ရဲ့ ပြိုင်ဘက်အသင်းတွေအကြောင်းကိုသိပါတယ်။ ဒါပေမဲ့ ပွဲစဉ်အခြေအနေကို ကြည့်ရမှာပါ။ ဒါပေမဲ့ ကျနော်တို့ကလည်း အသင်းကောင်းတသင်းဆိုတာ တွေ့ရမှာပါ။”

အုပ်စု B မှာ နာမည်ရှိတဲ့အသင်းတွေထဲက ပေါ်တူဂီ၊ ဆွစ်ဇာလန် ဟန်ဂေရီတို့ပါဝင်ပြီး ကမ္ဘာ့ချန်ပီယံ ဂျာမနီကတော့ အုပ်စု C မှာ ချက်သမ္မတ နိုင်ငံ၊ မြောက်အိုင်ယာလန် ၊ နော်ဝေး ၊ အဇာဘိုင်ဂျန်၊ ဆန်မာရီနို တို့ နဲ့ ကစားရမှာပါ။ အုပ်စု D ကတော့ ဝေးလ်စ်၊ သြစတြီးယား၊ ဆာဘီးယား ၊ အိုင်ယာလန်၊ မော်လ်ဒိုဗာ နဲ့ ဂျော်ဂျီယားတို့ တအုပ်စုတည်းကျတဲ့အတွက် အသင်းတွေခြေညီတယ်လို့ ပြောရမှာပါ။အုပ်စု E မှာတော့ ရိုမေးနီးယား၊ ဒိန်းမတ်၊ ပိုလန်၊ မွန်တီနီဂရိုး၊ အာမေးနီးယား နဲ့ ကာဇက်စတန်တို့ ကစားရမှာပါ။

ဘောလုံးဘိုးအေ အင်္ဂလန်ကတော့ အုပ်စု F မှာ စကော့တလန် အပါအဝင် ဆလိုဗက်ကီးယား၊ ဆလိုဗေးနီးယား ၊ လစ်သူးရိန်းနီးယား ၊ မော်လ်တာတို့ နဲ့ တွေ့မှာပါ။ သူတို့ရဲ့ အနီးဆုံး မဟာပြိုင်ဘက်ဖြစ်တဲ့ စကော့တလန် နဲ့ ပွဲကတော့ စိတ်လှုပ်ရှားစရာကောင်းတယ်လို့ အင်္ဂလန်နည်းပြ ရွိင်းဟော့ဒ်ဆန် (Roy Hodgson) က ပြောပါတယ်။

“အကုန်လုံး ခြုံပြောရမယ်ဆိုရင်တော့ အုပ်စုက ကောင်းပါတယ်။ စကော့တလန် နဲ့ ကစားရမယ့်ပွဲကတော့ ပရိဿတ်တွေအတွက် စိတ်လှုပ်ရှားစရာပွဲတပွဲလို့ ဆိုရမှာပါ။ အထူးသဖြင့် ဗြိတိန်မီဒီယာတွေအတွက်ပါ ဘာလို့လဲဆိုတော့ ဒါက သက်တမ်းအရင့်ဆုံးပြိုင်ဘက် ၂ သင်းဖြစ်နေလို့ပါ။ တကယ်စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ပွဲကို ကြည့်ချင်တယ်ဆိုရင်တော့ ဝင်ဘလေမှာကန်မယ့်ပွဲဖြစ်ဖြစ်၊ စကော့တလန်မှာ ကစားမယ့်ပွဲကိုဖြစ်ဖြစ်လာကြည့်ပါ။ ပရိသတ်တွေ ကိုယ်အသင်းကို ဘယ်လောက်အားပေးကြတယ်ဆိုတာ အဲဒီမှာ တွေ့မှာပါ။”

ဥရောပ ခြေစစ်ပွဲတွေမှာ နောက်ထပ် စိတ်ဝင်စားစရာ အုပ်စုတခုကတော့ အုပ်စု G ပါ။ ဒီအုပ်စုမှာ ချန်ပီယံ ၄ ကြိမ်ဖြစ်ဖူးတဲ့ အီတလီ နဲ့ ၂၀၁၀ ကမ္ဘာ့ချန်ပီယံ စပိန်အသင်းတို့ တွေ့ကြမှာဖြစ်ပြီး၊ အယ်လ်ဘေးနီးယား၊ အစ္စရေးလ်၊ မက်ဆီးဒိုးနီးယား နဲ့ လီချင်စတိုင်းတို့ နဲ့ ကစားရမှာပါ။ အီတလီ နည်းပြ အန်တိုနီယိုကွန်တီကတော့

“ဒီအုပ်စုက အုပ်စုကြပ်ပါ။ ဒါပေမဲ့ ကမ္ဘာ့အကောင်းဆုံးအသင်းတွေထဲက တသင်းဖြစ်တဲ့ စပိန်နဲ့ တွေ့ရမှာဆိုတော့ စိတ်ဝင်းစားစရာပါ။ ပြီးတော့ ကစားသမားတွေအတွက်လည်း ဒီပွဲက စိတ်လှုပ်ရှားစရာကောင်းမယ့်ပွဲတပွဲဖြစ်နိုင်ပါတယ်။”

ဥရောပမှာ အခုနောက်ပိုင်း ခြေပြန်တက်လာတဲ့ ဘယ်လ်ဂျီယမ်ကတော့ ၊ ဘော့စနီးယား၊ ဂရိ၊ အက်စ်တိုးနီးယား၊ ဆိုက်ပရပ်စ်တို့နဲ့ အုပ်စု H မှာ ကစားရမှာဖြစ်သလို၊ နောက်ဆုံး အုပ်စု I မှာ ခရိုအေးရှား၊ အိုက်စလန်၊ ယူကရိန်း၊ တူရကီ နဲ့ ဖင်လန်တို့ ကစားရမှာဖြစ်ပါတယ်။ အုပ်စု ၉ ခုက ပထမရတဲ့ ၉ သင်း တိုက်ရိုက်ခြေစစ်ပွဲအောင်ပြီး၊ ဒုတိယရတဲ့အထဲက အကောင်းဆုံး ၈ သင်း ဒုတိယအဆင့် ရှုံးထွက်ပြန်ကစားရမှာ ဖြစ်ပါတယ်။

တောင်အမေရိကဘက်အခြမ်းမှာတော့ အသင်း ၁၀ သင်း ပတ်လည်ကစားကြမှာဖြစ်ပြီး၊ နာမည်ကြီး ဘရာဇီးကတော့ ပွဲဦးထွက်မှာ တောင် အမေရိကချန်ပီယံ ချီလီ နဲ့ ကစားရမှာပါ။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား နဲ့ ကိုပါအမေရိကဖလား ၂ ကြိမ်စလုံးမှာ ဒုတိယနဲ့ ကျေနပ်ခဲ့ရတဲ့ အာဂျင်တီးနားကတော့ အိမ်ကွင်းမှာ အီကွေဒေါနဲ့ အဖွင့်ပွဲကစားရမှာဖြစ်သလို၊ ကိုလံဘီယာ နဲ့ ပီရူး၊ ဗင်နီဇွဲလား နဲ့ ပါရာဂွေး၊ ဘိုလီးဗီးယား နဲ့ ဥရုဂွေးတို့ ပွဲဦးထွက်တွေ့ကြမှာပါ။

စနေနေ့က ကျင်းပခဲ့တဲ့ ဒီအခမ်းအနားကို ကမ္ဘာကျော်ဘောလုံးသမားတွေထဲက ရိုနာလ်ဒို၊ ကန်နာဗာရိုး၊ ဘီယာဟော့ဖ် ၊ ဒီယေဂိုဖော်လန် တို့လို နာမည်ကြီးဘောလုံးသမားတွေ တက်ရောက်ခဲ့သလို၊ ရုရှားသမ္မတ ဗလာဒီမီယာပူတင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဂျိုးဇက်ဆပ် ဘလတ္တာ လည်း တက်ရောက်ခဲ့ပါတယ်။ အငြင်းပွားစရာ အခြေအနေတွေဖြစ်နေပေမယ့်လည်းဖီဖာအနေနဲ့ ရုရှားနိုင်ငံအိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့်ကိစ္စကို ထောက်ခံတယ်လို့ ဘလတ္တာက ရုရှားသမ္မတ ဗလာဒီမီယာပူတင်ကို ပြောပါတယ်။

“ဖီဖာအမှုဆောင်ကော်မတီအနေနဲ့ မကြာသေးခင်ကပဲ ဆုံးဖြတ်ချက်အသစ်တခုချခဲ့တာကို ကျနော်အနေနဲ့ ခင်ဗျားကို အသိပေးချင်ပါတယ်။ အဲဒီဆုံးဖြတ်ချက်ထဲမှာ၂၀၁၈ ကမ္ဘာ့ဖလားကို ရုရှားနိုင်ငံက အိမ်ရှင်လုပ်မယ့်ကိစ္စကို ဖီဖာအနေနဲ့ အပြည့်အဝထောက်ခံပါတယ်။”

ရုရှား သမ္မတ ပူတင်ကတော့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်အတွင်း ပြဿနာတွေဖြစ်နေတဲ့ကြားက အခုလို ၂၀၁၈ ကမ္ဘာ့ဖလား အာရုံစိုက် လုပ်ဆောင်ပေးတဲ့အတွက် ကျေးဇူးတင်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

အာရှခြေစစ်ပွဲတွေကို စတင်ကစားနေပြီး၊ အာဖရိကဇုံခြေစစ်ပွဲတွေကိုတော့ လာမယ့် အောက်တိုဘာလကစတင်ပြီး အဆင့် ၃ ဆင့် ကစားပြီး အသင်း ၅ သင်းခြေစစ်ပွဲအောင်မှာဖြစ်ပါတယ်။

XS
SM
MD
LG