သုံးရလွယ်ကူစေသည့် Link များ

ဆီးရီးယားမှာ ရုရှား လေကြောင်း တိုက်ခိုက်မှု ဒုတိယနေ့ ဆက်လုပ်


ဆီးရီုးယားမှာ ရုရှားလေကြောင်း တိုက်ခိုက်မှု ဒုတိယနေ့ (စက်တင်ဘာ ၃၀၊ ၂၀၁၅)

ဆီးရီးယားနိုင်ငံက အစ္စလာမ်စစ်သွေးကြွ IS အစွန်းရောက် ပစ်မှတ်တွေကို ရုရှား ဂျက်တိုက်လေယာဉ်တွေက ဒုတိယမြောက်နေ့ အဖြစ် တိုက်ခိုက်ကြတဲ့အပြင် အမေရိကန်ပြည်ထောင်စုက ကျောထောက် နောက်ခံပေးထားတဲ့ လက်နက်ကိုင်တွေကိုပါ ပစ်မှတ် ထားတိုက်ခိုက်တယ်လို့ သီးခြား လွတ်လပ်တဲ့ လေ့လာသူတွေကပြောပါတယ်။

ကွပ်ကဲရေးဌာနနှစ်ခုနဲ့ လက်နက်ခဲယမ်းမီးကျောက် သိုလှောင်ရုံနှစ်လုံးအပါအ၀င် IS ပစ်မှတ် တဒါဇင်ကို ရုရှားစစ်လေယာဉ်တွေ တိုက်ခိုက်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးက ရုပ်မြင်သံကြားကနေ ကြေညာပါတယ်။

ဒါပေမဲ့ အစွန်းရောက်အဖွဲ့အပြင် တခြားအုပ်စုတွေကိုလည်း ပစ်မှတ်ထားခဲ့တယ် ဆိုတာ ရုရှားအစိုးရက အသိအမှတ်ပြု ပြောပါ တယ်။ အဲဒီအဖွဲ့အစည်းတွေကို အားလုံးသိထားကြပြီး ဆီးရီးယားလက်နက်ကိုင်တပ်ဖွဲ့နဲ့ ညှိနှိုင်းပြီးတော့ ပစ်မှတ်တွေကို ရွေးချယ်ခဲ့တယ်လို့ ရုရှားအစိုးရပြောခွင့်ရ Dmitry Peskov က သတင်းထောက်တွေကို ဒီကနေ့ ပြောပါတယ်။

သူ့ရဲ့ပြောဆိုချက်ဟာ သမ္မတ ဗလာဒီမီယာ ပူတင်ရဲ့ အရာရှိချုပ် ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ချက်တခုနဲ့ ကွဲလွဲနေပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေဟာ IS အဖွဲ့ကို တိုက်ခိုက်နေတဲ့ ဆီးရီးယားအစိုးရကို အကူအညီပေးဖို့သက်သက် ရည်ရွယ်တာ ဖြစ်တယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ပြောထားတာပါ။

အမေရိကန် ကျောထောက်နောက်ခံပေးထားတဲ့ Tajamu Alezzah သူပုန်အဖွဲ့ လှုပ်ရှားနေတဲ့ဒေသတွေကို ဒီကနေ့ လေကြောင်း ကနေ တိုက်ခိုက်ခဲ့တယ်လို့ ဗြိတိန် အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေးအခြေအနေ စောင့်ကြည့်လေ့လာရေး အဖွဲ့က ပြောပါ တယ်။

XS
SM
MD
LG