အမေရိကန်ပြည်ထောင်စုမှာ ရုရှားနိုင်ငံအတွက် သူလျှိုလုပ်ပေးမှုနဲ့ စွပ်စွဲခံထားရတဲ့ ၁၁ ဦးထဲက တဦးဟာ ယာယီအာမခံနဲ့ လွတ်မြောက်ပြီးနောက် ဆိုက်ပရပ်စ်မှာ အခု ပျောက်ဆုံးနေပါတယ်။
အမေရိကန်မှာ ရုရှားသူလျှို လုပ်တယ်ဆိုပြီး စွပ်စွဲခံထားရတဲ့ ကနေဒါလူမျိုး ခရစ္စတိုဖာ ရိုဘာ မက်တ်ဆော့စ် (Christopher Rober Metsos) ဟာ မနေ့ ဗုဒ္ဓဟူးနေ့မှာ ဆိုက်ပရပ်စ်နိုင်ငံ လာနာကာ (Larnaca) မြို့ ရဲဌာနတခုမှာ လာရောက်ရမယ့်အချိန် မလာရောက်ဘဲ ပျောက်ဆုံးနေတာ ဖြစ်တယ်လို့ ဆိုက်ပရပ်စ်ရဲက ပြောပါတယ်။ ဒါကြောင့် သူ့ကို ဖမ်းဝရမ်းထုတ်ဖို့ ရဲက စီစဉ်နေပါတယ်။
ရုရှားနိုင်ငံ နိုင်ငံရပ်ခြား ထောက်လှမ်းရေးအဖွဲ့ (SVR) အတွက် အမေရိကန်ပြည်ထောင်စု အတွင်း ရေရှည်မြှုပ်နှံပြီး သူလျှိုလုပ်ငန်း ဆောင်ရွက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမေရိကန်ပြည်ထောင်စုက လူ ၁၀ ဦးကို ဖမ်းဆီးခဲ့ပြီးနောက်ပိုင်း မက်တ်ဆော့စ်ရဲ့ နာမည်ကိုလည်း အဲဒီစာရင်းမှာ ၁၁ ဦးမြောက် ကြေညာခဲ့ပါတယ်။
အခုလို ရုရှားသူလျှိုတွေ အမေရိကန်မှာ ဖမ်းမိတဲ့ကိစ္စနဲ့ ပတ်သက်လို့ နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်မှာ မဟုတ်ဘူးလို့ မျှော်လင့်တဲ့အကြောင်း ရုရှား နိုင်ငံခြားရေး ဌာနကတော့ မနေ့က ထုတ်ပြန်ထားပါတယ်။
အဲဒီ ရုရှားသူလျှိုတွေဟာ အမေရိကန်နိုင်ငံတွင်း နျူကလီးယားလက်နက် ဆိုင်ရာ၊ နိုင်ငံခြားရေး မူဝါဒဆိုင်ရာနဲ့ အခြား နိုင်ငံရေးဆိုင်ရာ သတင်းအချက်အလက်တွေ စုဆောင်းရဖို့ အမေရိကန်နိုင်ငံတွင်း သိုသိုသပ်သပ် အလုပ်လုပ် နေထိုင်သူတွေ ဖြစ်တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။ သူတို့ဟာ နိုင်ငံရပ်ခြားအစိုးရ ထောက်လှမ်းရေး မှတ်ပုံမတင်တဲ့ကိစ္စ၊ ငွေမည်းခ၀ါချတဲ့ အမှုတွေနဲ့ စွဲချက်တင် ခံရဖွယ် ရှိပါတယ်။