သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သူလျှိုဖမ်းဆီးမှုကြောင့် အမေရိကန်၊ ရုရှား ဆက်ဆံရေး မထိခိုက်နိုင်


အမေရိကန် ပြည်ထောင်စု အတွင်းမှာ ရုရှားအတွက် သူလျှိုလုပ်မှုနဲ့ မသင်္ကာရသူ ၁၁ ဦးကို ဖမ်းဆီးတဲ့ ကိစ္စကြောင့် တိုးတက်လာနေတဲ့ အမေရိကန်၊ ရုရှား ဆက်ဆံရေးဟာ နောက်ကို ပြန်ပြီး ဆုတ်သွားမှာ မဟုတ်ဘူးလို့ အမေရိကန် သမ္မတ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ရောဘတ် ဂစ်ဘ်စ် (Robert Gibbs) က ဇွန်လ ၂၉ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က အမေရိကန် ပြည်ထောင်စုကို ရောက်လာတဲ့ ရုရှားသမ္မတ ဒီမီထရီ မက်ဗီယက်ဒက်ဗ် (Dmitri Medvedev) ကို ဧည့်ခံတွေ့ဆုံမှု မတိုင်ခင်ကတည်းက ရုရှားသူလျှိုကွန်ယက် ကိစ္စကို သမ္မတ အိုဘားမားက သိရှိထားခဲ့ပြီး ရုရှားသမ္မတနဲ့ တွေ့ဆုံစဉ်မှာတော့ ဒါကို ထည့်သွင်းပြောကြားခြင်း မရှိဘူးလို့ မစ္စတာ ဂစ်ဘ်စ်က သတင်းထောက်တွေကို ပြောပါတယ်။

အမေရိကန်နဲ့ ရုရှား နှစ်နိုင်ငံ အစိုးရတွေရဲ့ ဆက်ဆံရေးဟာ မနှစ်က နှစ်ဝက်လောက်က စပြီး တိုးတက်လာခဲ့တာ ဖြစ်ပါတယ်။

အီရန်နဲ့ မြောက်ကိုရီးယားတို့ရဲ့ နျူကလီးယား ပြဿနာရပ်တွေမှာ နှစ်နိုင်ငံ အတူပူးတွဲပြီး ဆက်လက် လုပ်ကိုင်နေကြတာ ဖြစ်တယ်လို့လည်း အိမ်ဖြူတော် ပြောခွင့်ရက ပြောပါတယ်။

မော်စကိုမြို့ကို ရောက်နေတဲ့ အမေရိကန် သမ္မတဟောင်း ဘီလ် ကလင်တန် (Bill Clinton) နဲ့ ရုရှားဝန်ကြီးချုပ် ဗလာဒီမီယာ ပူတင် (Vladimir Putin) တို့ မနေ့က တွေ့ဆုံခဲ့ချိန်မှာလည်း အမေရိကန် ပြည်ထောင်စုမှာ ဖမ်းမိတဲ့ ရုရှား သူလျှိုကွန်ယက် ကိစ္စကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်မယ်လို့ မယုံကြည်ကြောင်း ဝန်ကြီးချုပ် ပူတင်က သမ္မတဟောင်း ကလင်တန်ကို ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရုရှားနိုင်ငံသား ၁၀ ယောက်ကို အမေရိကန် ပြည်ထောင်စုထဲမှာ ဖမ်းမိခဲ့ပြီး ၁၁ ယောက်မြောက် သူလျှိုကွန်ယက်မှာ ပါဝင်သူ ကနေဒါနိုင်ငံသားလက်မှတ် ကိုင်ဆောင်ထားသူကိုတော့ ဆိုက်ပရပ်စ်နိုင်ငံမှာ ဖမ်းဆီးမိခဲ့ပါတယ်။

XS
SM
MD
LG