သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားစပိုင် ၇ ဦးကို ကန် တရားစွဲဆို


တားမြစ်ဆေးသုံးစွဲမှု တိုက်ဖျက်ရေး အေဂျင်စီ အရာရှိတွေရဲ့ ကွန်ပြူတာတွေနဲ့ ရုရှားဓါတုလက်နက်အသုံးပြုမှု အသုံးချရာမှာ စုံစမ်းစစ်ဆေးနေတဲ့ ကွန်ပြူတာစနစ်တွေကို ထိုးဖောက်ဝင်ရောက်ကြိုးပမ်းမှုနဲ့ ရုရှားထောက်လှမ်းရေး အရာရှိ ၇ ယောက်ကို ရာဇဝတ်ကြောင်းနဲ့ တရားစွဲဆိုလိုက်တဲ့အကြောင်း အမေရိကန်တရားရေးဌာနက ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။ ရုရှားထောက်လှမ်းရေး အဖွဲ့ GRU အပေါ် အရေးယူခဲ့တာဖြစ်တဲ့အကြောင်း လက်ထောက်ရှေ့နေချုပ်တဦးဖြစ်တဲ့ ဂျွန်ဒမာက ကြေညာလိုက်တာပါ။

တချိန်တည်းမှာပဲ နျူကလီးယားလက်နက် ကန့်သတ်တားဆီးရေးအဖွဲ့ (OPCW) OPCW ရုံးချုပ်နဲ့ ကပ်လျက်အဆောက်အဦး တခုမှာ ထောက်လှမ်းရေး ကရိယာတွေနဲ့အတူ ရုရှားစစ်ထောက်လှမ်းရေး ၄ ယောက်ကို ဖမ်းမိခဲ့ပြီးနောက်၊ နိုင်ငံကနေ နှင်ထုတ်ခဲ့ကြောင်းလည်း နယ်သာလန်အာဏာပိုင်တွေက ဒီနေ့ပဲ ပြောဆိုလိုက်ကြတာပါ။ OPCW အဖွဲ့ဟာ ဗြိတိန်နိုင်ငံမှာ ရုရှားထောက်လှမ်းရေးဟောင်း အဆိပ်သင့်ခဲ့တဲ့ ကိစ္စကို စုံစမ်းစစ်ဆေးနေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတခုလည်း ဖြစ်ပါတယ်။ ရုရှားကတော့ Sergei Skripal အဆိပ်သင့်တဲ့ ကိစ္စဟာ သူတို့လက်ချက်မဟုတ်ကြောင်း ငြင်းဆန်ထားတာပါ။ ဆိုက်ဘာတိုက်ခိုက်မှုဟာ OPCW ရဲ့ စုံစမ်းစစ်ဆေးမှုနဲ့ ဆက်နွယ်မှု ရှိ-မရှိ ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရဘူးလို့လည်း နယ်သာလန်တာဝန်ရှိသူတွေက ပြောပါတယ်။ ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ နယ်သာလန် အာဏာပိုင်တွေဟာ စိတ်ကူးယဉ်နေတာသာဖြစ်ကြောင်း ပြောဆိုပြီး စွပ်စွဲချက်တွေကို ပယ်ချခဲ့တာပါ။

ဆိုက်ဘာအင်တာနက် တိုက်ခိုက်မှုတွေအတွက် ရုရှားကို စွပ်စွဲနေတဲ့ ဗြိတိန်နဲ့ သြစတြေးလျ နိုင်ငံတွေကလည်း တားမြစ်ဆေးသုံးစွဲမှု တိုက်ဖျက်ရေး နိုင်ငံတကာ အဖွဲ့နဲ့ ၂၀၁၆ အမေရိကန် သမ္မတရွေးကောက်ပွဲတွေကို ရုရှားက ဆိုက်ဘာအင်တာနက်ကနေ တိုက်ခိုက်ခဲ့ကြောင်း ပြောဆိုထားကြပါတယ်။

မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ (NATO) အတွင်းရေးမှူးချုပ် Jens Stoltenberg ကတော့ ရုရှားအနေနဲ့ အဆင်ခြင်ကင်းမဲ့တဲ့ လုပ်ရပ်တွေကို ရပ်တန့်ဖို့နဲ့ ဗြိတိန်နဲ့ နယ်သာလန် အစိုးရတွေကို မဟာမိတ်အဖွဲ့က ထောက်ခံကြောင်း ပြောဆိုခဲ့တာပါ။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Jeremy Hunt ကလည်း ရုရှားအနေနဲ့ နိုင်ငံတကာ ဥပဒေတွေကို ဖောက်ဖျက်ခဲ့မယ်ဆိုရင် နောက်ဆက်တွဲ အကျိုးဆက်တွေ ကြုံရမှာဖြစ်ကြောင်း သတိပေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG