ရုရှားသူလျှိုဟောင်းတဦးနဲ့ သမီးဖြစ်သူတို့ကို အဆိပ်နဲ့ တိုက်ခိုက်တဲ့လုပ်ရပ်မှာ ရုရှားတို့ နောက်ကွယ်က ပါဝင်ပတ်သက်နေတယ်ဆိုတာဖြစ်နိုင်ခြေအများကြီးရှိနေတယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေ ကပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းတပတ်ကျော်က အင်္ဂလန်အနောက်ပိုင်း Salisbury မြို့မှာ အာရုံကြောကို ထိခိုက်စေတဲ့အဆိပ်နဲ့ တိုက်ခိုက်ခံခဲ့ရတဲ့အတွက် သူတို့၂ ဦး စိုးရိမ်ရတဲ့အခြေအနေနဲ့ ဆေးရုံတင်ထားရပါတယ်။
ဇီဝ-ဓာတုလက်နက်ဆိုင်ရာ ပညာရှင်အဖွဲ့တို့က ရုရှားသူလျှိုဟောင်း Sergei Skripalနဲ့ သမီးဖြစ်သူ Yulia တို့ အဆိပ်နဲ့တိုက်ခိုက်ခံရတဲ့ အခင်းဖြစ်ရာနေရာကို ၂၄ နာရီပတ်လုံး ကြည့်ရှုစစ်ဆေးနေပါတယ်။ တိုက်ခိုက်တဲ့နေရာမှာ အသုံးပြုခဲ့တဲ့အဆိပ်က Novichock လို့ခေါ်တဲ့ စစ်တပ်သုံးအဆင့် အာရုံကြောထိခိုက်စေတဲ့ အဆိပ်ဖြစ်ကြောင်း ဗြိတိသျှဝန်ကြီးချုပ် Theresa May က အောက်လွှတ်တော်မှာ တနင်္လာနေ့က ပြောကြားလိုက်တာပါ။
ဒါဟာ ရုရှားအစိုးရဘက်က ဗြိတိန်နိုင်ငံကို ဆန့်ကျင်တဲ့ တိုက်ရိုက် ကျူးလွန်တဲ့ လုပ်ရပ်လား၊ ဒါမှမဟုတ် ဒီလိုကြောက်စရာကောင်းတဲ့ အဆိပ်ကို ရုရှားအစိုးရက အခြားလူတွေရဲ့ လက်ထဲရောက်သွားအောင် ခွင့်ပြုလိုက်တဲ့လုပ်ရပ်လား၊ ဒီ၂ ခုထဲက တခုခုတော့ ဖြစ်ရမယ်လို့ ဝန်ကြီးချုပ်မေက ပြောပါတယ်။
Novichock အဆိပ်နဲ့ပတ်သက်ပြီး အင်္ဂါနေ့ နောက်ဆုံးထားပြီး တုံ့ပြန်ဖို့ ဝန်ကြီးချုပ်မေက တောင်းဆိုထားပါတယ်။ ရုရှားသံရုံးကတော့ ဗြိတိန်ဟာ အန္တရာယ်နဲ့ ကစားနေတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။