သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားသူလျှိုမှုနဲ့ ဆက်စပ်ပြီး ကနေဒါတယောက်ကို ဆိုက်ပရပ်စ် ဖမ်း


အမေရိကန်ပြည်ထောင်စုမှာ သူလျှိုလုပ်တယ်ဆိုတဲ့ သံသယနဲ့ ရုရှား ၁၀ ယောက်ကို တနင်္ဂနွေနေ့က ဖမ်းဆီးခဲ့ပြီးတဲ့နောက်မှာ အဲဒီအဖွဲ့ထဲက လွတ်သွားသူလို့ ဆိုသူ ကနေဒါနိုင်ငံသား တယောက်ကို ဖမ်းမိထားတယ်လို့ ဆိုက်ပရပ်စ် ရဲတပ်ဖွဲ့က ပြောလိုက်ပါတယ်။

နီကိုးရှားလေဆိပ်မှာ ဘူဒါပက်မြို့ဆီ သွားမယ့် လေယာဉ်ပေါ် တက်ဖို့ ကြိုးစားနေစဉ်မှာ အသက် ၅၄ နှစ်အရွယ် ကနေဒါနိုင်ငံသားကို နိုင်ငံတကာ ရဲတပ်ဖွဲ့ (Interpol) ရဲ့ ပန်ကြားချက်နဲ့ ဖမ်းဆီးခဲ့တာလို့ ဆိုက်ပရပ်စ် တာဝန်ရှိသူတွေက ပြောပါတယ်။

သူလျှိုလုပ်တယ်ဆိုတဲ့ မသင်္ကာမှုနဲ့ ရုရှားတွေကို ဖမ်းဆီးခဲ့မှုအတွက် သတင်းအချက်အလက်တွေ နောက်ထပ်ပေးဖို့ ဂျေရုဆလင်မှာ ရောက်နေတဲ့ ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂေ လက်ဗ်ရော့ဗ် (Sergei Lavrov) က ပြောပါတယ်။

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ရုရှားသမ္မတ ဒီမီထရီ မက်ဗီယက်ဒက်ဗ် (Dmitri Medvedev) ကို အိမ်ဖြူတော်မှာ လက်ခံတွေ့ဆုံပြီး ရက်ပိုင်းအတွင်းမှာပဲ FBI ဗဟိုထောက်လှမ်းရေးဗျူရိုက ရုရှားလူမျိုးတွေကို ဖမ်းဆီးလိုက်တဲ့ အချိန်အခါကိုလည်း ရုရှား နိုင်ငံခြားရေးဝန်ကြီးက မေးခွန်းထုတ်လိုက်ပါတယ်။

ရုရှား ထောက်လှမ်းရေးဌာန SVR အတွက် ဒီလူတွေဟာ တရားမဝင် အတွင်းကျကျ ထောက်လှမ်းမှုတွေကို အချိန်တော်တော်ကြာ ကတည်းက လုပ်နေခဲ့ကြတာ ဖြစ်တယ်လို့ အမေရိကန် တရားရုံး အထောက်အထားတွေမှာ ဖော်ပြပါတယ်။

ပူးပေါင်းကြံစည်မှု၊ ငွေမည်းကနေ ငွေဖြူ ခဝါချမှု စတဲ့ ပုဒ်မတွေနဲ့ စွဲချက်တင်ခံထားရသူတွေဟာ အမေရိကန်မှာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် ကတည်းက အခြေချ နေထိုင်နေကြသူတွေဖြစ်ပြီး တချို့တွေဆိုရင် မူဝါဒရေးရာ အကြံပေးအဖွဲ့တွေ၊ တက္ကသိုလ်ကြီးတွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့တွေမှာ ဝင်ရောက် အလုပ်လုပ်နေကြသူတွေ ဖြစ်တယ်လို့ အမေရိကန် သတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။

XS
SM
MD
LG