သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့အမွေအနှစ် ယူကရိန်းဘုရားကျောင်း ရုရှားလေကြောင်းက တိုက်ခိုက်


ရုရှားတို့ မစ်ဇိုင်းဒုံးရန်ကြောင့်ထိခိုက်ပျက်စီးခဲ့ရတဲ့ ယူကရိန်းနိုင်ငံ၊ Odesa မြို့ Transfiguration Cathedral ဇူလိုင် ၂၃၊ ၂၀၂၃
ရုရှားတို့ မစ်ဇိုင်းဒုံးရန်ကြောင့်ထိခိုက်ပျက်စီးခဲ့ရတဲ့ ယူကရိန်းနိုင်ငံ၊ Odesa မြို့ Transfiguration Cathedral ဇူလိုင် ၂၃၊ ၂၀၂၃

ယူကရိန်းနိုင်ငံ Odesa မြို့မှာ ရုရှားလေကြောင်းတိုက်ခိုက်မှုအတွင်း ကုလသမဂ္ဂ ယူနက်စကိုအဖွဲ့ကြီးရဲ့ ကမ္ဘာ့အမွေအနှစ်နေရာသတ်မှတ်ထားတဲ့ သမိုင်းဝင်ဘုရားကျောင်းတခု ထိခိုက်ပျက်စီးသွားပြီးအဲဒီအတွက် ပြန်ပြီးလက်တုန့်ပြန်မယ်လို့ ယူကရိန်းက ပြောပါတယ်။ ဘုရားကျောင်းအတွင်းထဲမှာ အတော်ကြီး ပျက်စီးသွားခဲ့တယ်လို့ ဘုရားကျောင်းအကြီးအကဲတဦးဖြစ်တဲ့ ဘုန်းတော်ကြီး Myroslave ကပြောပါတယ်။

ဘုရားကျောင်းကို တိုက်ရိုက်ထိမှန်ပြီး ဘုရားကျောင်းရဲ့အထွဋ်အမြတ်ထားရာ ဝတ်ပြုဆောင်ရဲ့ ဘုရားစင် လည်း လုံးဝပျက်စီးသွားတယ်လို့ ပြောပါတယ်။ ဘုန်းတော်ကြီးတွေက ဘုရားကျောင်းထဲ အပျက်အစီးတွေ ထဲက ရုပ်ထုတွေကို ဆွဲထုတ်ခဲ့ကြပါတယ်။ ဘုရားကျောင်းရဲ့ မှန်ကူကွက်တွေလည်း ကွဲပျက်စီးကုန်ပါတယ်။ ဘုရားကျောင်းကို ဗုံးထိမှန်တဲ့အချိန်မှာ လုံခြုံရေးအစောင့်တဦးနဲ့ ဓမ္မဆရာတဦးတို့ အထဲမှာရှိပေမယ့်၊ သူတို့နှစ်ဦးစလုံး အသက်ရှင်ကျန်ရစ်ပါတယ်။

အခုလို သမိုင်းဝင်အဆောက်အဦးပျက်စီးမှုကြောင့် ယူကရိန်းတွေ ဒေါသထွက်ခဲ့ကြပြီး၊ ယူကရိန်းသမ္မတ Volodymyr Zelenskyy ကတော့ ရုရှား‌တွေဒီအတိုင်းပြန်ခံစားရစေမယ်ဆိုပြီး လက်တုန့်ပြန်လို့ ကြုံး ဝါးခဲ့ပါတယ်။ ဒီ တိုက်ခိုက်မှုကို ယူနက်စကိုအဖွဲ့ကလည်း ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချထားပါတယ်။ ဒါဟာ တကယ့်ကို စစ်ရာဇဝတ်မှုဖြစ်တယ်လို့ ဥရောပသမဂ္ဂ နိုင်ငံခြားရေမူဝါဒဆိုင်ရာအကြီးအကဲ Josep Borrell ကလည်း ကန့်ကွက်ရှုတ်ချပါတယ်။

Odesa မြို့ရဲ့ ရှေးအကျဆုံး ဒီဘုရားကျောင်းကို ရုရှားအင်ပါယာထူထောင်မှုကာလ ၁၇၉၄ ခုနှစ်မှာ ဆောက်လုပ်ခဲ့တာပါ။ ၁၉၃၆ ခုနှစ် ရုရှားခေါင်းဆောင် စတာလင်လက်ထက်မှာ ဖြိုဖျက်ခံရပြီးနောက် ၁၉၉၉ ခုနှစ်မှာ ပြန်လည်ဆောက်လုပ်ခဲ့တာပါ။ ဒါ့အပြင် Odesa မြို့ ပျက်စီးမှု ကနဦိးအကဲဖြတ်ချက် တွေအရဆိုရင်ကမ္ဘာ့အမွေအနှစ်ပိုင်နယ်မြေအတွင်းက ပြတိုက်အတော်များများလည်း ပျက်စီးသွားပါတယ်။

အဲဒီအထဲမှာ Odesa ရှေးဟောင်းသုတေသနပြတိုက်၊ Odesa ရေကြောင်းပြတိုက်နဲ့ Odesa စာပေယဉ် ကျေးမှုပြတိုက်တို့လည်း ပါဝင်ပါတယ်။ အဲဒီနေရာအားလုံးကို 1954 ခုနှစ် Hague Convention အရ အပြာရောင်ဒိုင်းသင်္ကေတနဲ့ ကမ္ဘာ့ယဉ်ကျေးမှုနယ်မြေတွေအဖြစ် ယူနက်စကိုနဲ့ ဒေသအာဏာပိုင် တွေက သတ်မှတ်ထားတာလို့လည်း ယူနက်စကို ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

အကြမ်းဖက်လုပ်ရပ်တွေရဲ့ အခြေတည်ရာလို့ သံသယဖြစ်တဲ့နေရာတွေကို တိုက်ခိုက်ခဲ့တာလို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒါပေမယ်လို့ ဘုရားကျောင်းကိုထိမှန်တယ်ဆိုတာကိုတော့ ငြင်းပါတယ်။ ဒါဟာ ယူကရိန်းဖက်က လေယာဉ်ပစ်ဒုံးထိမှန်တာဖြစ်နိုင်တယ်လို့ ရုရှားက တုန့်ပြန်ပါတယ်။

ရုရှားလေကြာင်းတိုက်ခိုက်မှုကြောင့် လူနှစ်ဦးသေဆုံးပြီး ကလေးငယ်တွေအပါအဝင် ၁၉ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒုံးကျည်တွေဟာ လူနေရပ်ကွက်တွေနဲ့ စီးပွားရေးလုပ်ငန်းငယ်တွေရှိရာကို ထိမှန်တယ်လို့ ဒေသခံတွေပြောပါတယ်။ ကုလသမဂ္ဂက ကြားဝင်ညှိုနှိုင်းခဲ့တဲ့ ယူကရိန်း ကောက်နှံ သင်္ဘောတွေ ပင်လယ်နက်ထွက်ခွင့် သဘောတူညီချက်ကို ရုရှားက ပြန်ရုပ်ပြီးနောက်ပိုင်းကတည်းက ပင်လယ်နက်ဆိပ်ကမ်းမြို့ဖြစ်တဲ့ Odesa ကို ရုရှားက ဆက်တိုက်ဆိုသလို ပစ်ခတ်တိုက်ခိုက်နေတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG