သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားလေယာဉ်အုပ် ပထမအသုတ် ဆီးရီယားမှ ထွက်ခွာ


ရုရှားလေယာဉ်အုပ် ပထမအသုတ် ဆီးရီယားမှ ထွက်ခွာ
ရုရှားလေယာဉ်အုပ် ပထမအသုတ် ဆီးရီယားမှ ထွက်ခွာ

ဆီးရီးယား နိုင်ငံထဲကနေရုရှားစစ်လေယာဉ်တွေထဲက ပထမ တသုတ် ပြန်လည် ထွက်ခွာလာပြီလို့ ရုရှားကာကွယ်ရေး ဝန်ကြီးက ဒီကနေ့ အင်္ဂါနေ့မှာ ပြောဆိုလိုက်ပါတယ်။

ဆီးရီးယား နိုင်ငံတွင်းမှာ ရုရှားရဲ့ ၅ လခွဲကြာ စစ်ဆင်ရေးဆင်နွှဲခဲ့ပြီးနောက်မှာ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က သူ့ရဲ့ တပ်အများစုကို ပြန်လည် ရုပ်သိမ်းမယ်လို့ ကြေညာပြီး နောက်တနေ့မှာ အခု ဆောင်ရွက်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ရုရှားနိုင်ငံကို ပြန်မယ့် စစ်လေယာဉ်တွေ ဆီးရီးယား နိုင်ငံ အနောက်ပိုင်း လာတာကီးယား (Latakia) ခရိုင် Hmeymim လေတပ်အခြေစိုက် စခန်းကနေ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။ ဆီးရီးယား နိုင်ငံတွင်းက ရုရှားတပ်ဖွဲ့တွေဟာ သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေ အပြည့်အ၀ နီးပါး ဆောင်ရွက်ပြီးစီးပြီ ဖြစ်တာကြောင့် တပ်ဖွဲ့ အများစု အခု ပြန်လည်ထွက်ခွာမယ်လို့ သမ္မတ ပူတင်က တနလာၤနေ့က ပြောဆိုခဲ့ပါတယ်။

ရုရှား သမ္မတ ပူတင်ရဲ့ ဆုံးဖြတ်ချက်ဟာ ထူးခြားတဲ့ တိုးတက်မှု တခုအဖြစ် ဆီးရီးယာ ဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် Staffan de Mistura က ဒီကနေ့မှာ ချီးကျူး ပြောဆိုပြီး ဒီဆောင်ရွက်ချက်ကြောင့် ဂျီနီဗာမှာ ကျင်းပနေတဲ့ ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အပေါ်မှာ အပြုသဘော သက်ရောက်မှု ရှိဖို့ မျှော်လင့်တဲ့ အကြောင်းလည်း ပြောဆိုပါတယ်။ ရုရှားရဲ့ အခု ဆောင်ရွက်ချက် အပြင် မနေ့ တနလာၤနေ့က ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ စတင်ခဲ့မှုတွေကြောင့် ဆီးရီးယား အရေး ပိုပြီး အပြုသဘောဆောင်တဲ့ ရလဒ်တွေ ထွက်ပေါ်လာစေမယ်လို့ ကုလလုံခြုံရေး ကောင်စီက ယူဆတဲ့ အကြောင်း လုံခြုံရေး ကောင်စီရဲ့ အလှည့်ကျ သဘာပတိ အန်ဂိုလာ ဆိုင်ရာ ကုလ သံအမတ်ကြီး Ismael Gaspar Martins က ပြောဆိုပါတယ်။

ရုရှား စစ်လေယာဉ်တွေ ဆီးရီးယား နိုင်ငံတွင်းက ပြန်လည် ရုပ်သိမ်းမယ့် ဆုံးဖြတ်ချက်ကို ဆီးရီးယား သမ္မတ ဘာရှားအယ်လ် အာဆဒ် က သဘောတူတဲ့ အကြောင်းနဲ့ ရုရှားအစိုးရဘက်ကလည်း ဆီးရီးယား နိုင်ငံတွင်းက တပ်ဖွဲ့ အားလုံးကို တပြိုင်တည်း ရုပ်သိမ်းမှာ မဟုတ်ဘူးလို့ ကတိပြုထားတဲ့ အကြောင်း ဆီးရီးယား သမ္မတရုံးက ပြောဆိုပါတယ်။

XS
SM
MD
LG