သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီယားအပေါ် ရုရှားလေကြောင်းတိုက်ခိုက်မှု တနေ့ ၅ နာရီ ရပ်ပေးမည်


ဆီးရီးယားနိုင်ငံ Damascus မြို့အနီး သီတင်းပတ်တွေနဲ့ချီ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတဲ့ နေရာတွေကနေ အရပ်သားတွေ ထွက်ခွာနိုင်အောင်လို့ ဆီးရီးယား သူပုန်တွေအပေါ် လေကြောင်းကနေ ပစ်ခတ်နေတာတွေကို နေ့စဉ် ၅ နာရီ ရပ်ဆိုင်းမယ့်အစီအစဉ် ဒီကနေ့ အစောပိုင်းကစပြီး စတင်အသက်ဝင်ကြောင်း ရုရှားအစိုးရက ပြောပါတယ်။

ဒေသစံတော်ချိန် မနက် ၉ နာရီကနေ နေ့လယ် ၂ နာရီအထိ လေကြောင်းတိုက်ခိုက်မှုတွေ ရပ်ဆိုင်းထားဖို့ သမ္မတ Vladimir Putin က ညွန်ကြားထားတဲ့အကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးက ဒီကနေ့ ပြောဆိုခဲ့တာပါ။ လူသားချင်းစာနာတဲ့ အနေနဲ့ တိုက်ပွဲဒေသကနေ အရပ်သားတွေ ထွက်ခွာနိုင်မယ့် လမ်းကြောင်းတခု ဖန်တီးပေးမှာ ဖြစ်ပြီး အဲဒီအတွက် ပြင်ဆင်ထားပြီး ဖြစ်သလို၊ မကြာခင်မှာ ကြေညာ ပေးမယ့်အကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu ပြောသွားတာပါ။

ဆီးရီးယားနိုင်ငံတဝှမ်း ပစ်ခတ်တိုက်ခိုက်မှုတွေ ရက် ၃၀ ကြာ ရပ်ဆိုင်းဖို့တောင်းဆိုတဲ့ ဆုံးဖြတ်ချက်တရပ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တခဲနက် မဲပေး ဆုံးဖြတ်ခဲ့ကြပြီး နှစ်ရက်အကြာမှာ မစ္စတာ ပူတင်ရဲ့ အခုညွန်ကြားချက် ထွက်လာတာပါ။ Damascus မြို့တော်အပြင်ဘက် အရှေ့ဂူတာမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ဗုံးကျဲမှုတွေ ပြန်စတင်လာတာနဲ့အမျှ တနင်္လာနေ့က လူ ၃၀ ကျော် သေဆုံးခဲ့တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

ဆီးရီးယားအရေးနဲ့ပတ်သက်လို့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ထိထိရောက်ရောက် ကျင့်သုံးမှသာ အဓိပ္ပာယ် ရှိလိမ့်မယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ် ကလည်း ပြောဆိုလိုက်ပြီး မတည်မငြိမ် ဖြစ်နေတဲ့ အရှေ့ဂူတာ ဒေသက ပြည်သူတွေအနေနဲ့ လူသားချင်း စာနာမှု အကူအညီတွေကို ထပ်မစောင့်နိုင်တော့ဘူးလို့လည်း ထပ်လောင်း ပြောဆိုလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG