သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားဝေဟင် ထိပ်တိုက်တိုးမှု ရှောင်ကြဉ်ရေး ကန်-ရုရှားသဘောတူ


ဆီးရီးယားနိုင်ငံမှာ လေကြောင်းတိုက်ခိုက်ရေး လုပ်တဲ့အခါ လိုက်နာဖို့ လိုအပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ရုရှားကာကွယ်ရေး အရာရှိတွေကြား တတိယ အကြိမ်မြောက် ဆွေးနွေးမှုတွေ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။

ဒီ ဆွေးနွေးပွဲကနေ နှစ်ဘက် မရည်ရွယ်ဘဲ ထိပ်တိုက်တွေ့တာမျိုးတွေကို ရှောင်ရှားနိုင်ဖို့နဲ့ လုံခြုံ စိတ်ချရေးအတွက် ချမှတ်တဲ့ အခြေခံစည်းမျဉ်း စည်းကမ်းတွေ နဲ့ ပတ်သက်ပြီး နားလည်မှု စာချွန်လွှာကို အပြီးသတ် ရေးဆွဲနိုင်ခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့ ဗွီဒီယိုကတဆင့် ပြုလုပ်တဲ့ ဆွေးနွေးပွဲကနေ တိုးတက်မှုတွေ ရခဲ့တယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။ ဒီဆွေးနွေးပွဲဟာ အန္တရာယ်ကင်းရေးဆိုင်ရာ အသေးစိတ် လုပ်ဆောင်မှုတွေ အကောင်ထည်ဖော်ရေးအတွက်ပဲ ဦးတည် ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ နောင်ချမှတ်မယ့် စာချုပ်အတွက် အရေးပါတဲ့ လိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး အနေအထားတွေအတွက် ပူးပေါင်းမှုတွေ လုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov ကတော့ ဆီးရီးယားမှာ ပူးပေါင်း ဆောင်ရွက်ရေးအတွက် ကျယ်ပြန့်တဲ့ ဆွေးနွေးပွဲတွေ ကျင်းပဖို့ အဆင့်မြင့် အရာရှိတွေ လွှတ်ပြီး ဆွေးနွေးတာမျိုး အမေရိကန်က မလုပ်ခဲ့ဘူးလို့ ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ John Kirby ကတော့ အခုလို ဆွေးနွေးဖို့ ဘယ်လိုအကြောင်းအရာနဲ့ ပတ်သက်ပြီး ဆွေးနွေးမယ် ဆိုတာကို အတိအကျ အဆိုပြုတာမျိုး သူ့အနေနဲ့ မရခဲ့ကြောင်းနဲ့ အမေရိကန်တွေက ရုရှားအာဏာပိုင်တွေနဲ့ ဆွေးနွေးချင်တဲ့အကြောင်း အမြဲပဲ ပြသခဲ့တယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂရဲ့ ဆီးရီးယားဆိုင်ရာ သံတမန် Staffan de Mistura ကတော့ ဆီးရီးယား ပြဿနာကို ကျယ်ပြန့်တဲ့ နိုင်ငံရေးအဖြေရှာမှုတွေရအောင် ဦးတည်ပြီး လုပ်ဆောင်ကြဖို့ အမေရိကန်ကိုရော ရုရှားကိုပါ သီးခြား တိုက်တွန်းမှုတွေနဲ့ ဖိအားပေး ကြိုးပမ်းနေတာပါ။

XS
SM
MD
LG