သုံးရလွယ်ကူစေသည့် Link များ

Snowden အရေး အမေရိကန်နဲ့ရုရှား ဆွေးနွေး

  • ဗွီအိုအေ (မြန်မာဌာန)

အမေရိကန်ထောက်လှမ်းရေးသတင်းတွေကို ဖွင့်ထုတ်ခဲ့သူ ဝန်ထမ်းဟောင်း Edward Snowden
အမေရိကန်နိုင်ငံက ထောက်လှမ်းရေးသတင်းတွေကို ပြင်ပကို ဖွင့်ချပြလိုက်တဲ့ Edward Snowden ကိစ္စနဲ့ပတ်သက်ပြီး အမေရိကန် လုံခြုံရေး အရာရှိတွေနဲ့ စကားပြောနေတယ်လို့ ရုရှား လုံခြုံရေးအေဂျင်စီက ပြောပါတယ်။ ဒါပေမယ့် သူလျှိုမှုနဲ့ အမေရိကန်မှာ စွဲချက်တင်ခံရနိုင်တဲ့ စနိုဒန်ကို ပြန်ပို့မှာ မဟုတ်ဘူးလို့ ကတိပြု ပြောဆိုပါတယ်။

စနိုဒန်ကိစ္စနဲ့ ပတ်သက်လို့ မော်စကိုမြို့ FSB အေဂျင်စီက တာဝန်ရှိသူတွေ အမေရိကန် ပြည်ထောင်စုထောက်လှမ်းရေးဗြူရို FBI နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ ရုရှားသမ္မတ ပြောခွင့်ရပုဂ္ဂိုလ်က သောကြာနေ့မှာ ပြောပါတယ်။ ဒါပေမယ့် အမေရိကန်အစိုးရလက်ထဲ စနိုဒန်ကို လွဲပေးမှာ မဟုတ်ဘူးဆိုတာကလွဲလို့ ကျန်တဲ့ အသေးစိတ် အချက်အလက်တွေကို ထုတ်ဖော် ပြောဆိုခြင်း မရှိပါဘူး။

အမေရိကန်ကို ပြန်စရာမလိုပဲ သူ့ကို ခိုလှုံခွင့်ပေးမယ့်နိုင်ငံကို လိုက်ရှာရင်း အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ စနိုဒန်ဟာ ရုရှားနိုင်ငံ မော်စကိုမြို့က Sheremetyevo လေဆိပ်မှာ ပိတ်မိနေတာ အခုလို တလကြာအထိ ရှိလာနေပါပြီ။ ဒါပေမယ့် အမေရိကန်အစိုးရက သူ့ရဲ့ နိုင်ငံကူး လက်မှတ်ကို ပြန်ရုပ်သိမ်းလိုက်တဲ့အတွက် ရုရှားကနေ အမြန်ပြန်ထွက်နိုင်မယ့် သူ့အစီအစဉ် ပျက်သွားခဲ့ပါတယ်။

စနိုဒန်က ရုရှားနိုင်ငံမှာ ယာယီခိုလှုံခွင့်တောင်းထားပေမယ့် အဆုံးသတ်မှာတော့ လက်တင်အမေရိကန်နိုင်ငံတွေမှာ သွားရောက် ခိုလှုံလိုတဲ့အကြောင်း ပြောပါတယ်။ လက်ဝဲယိမ်း ဗင်နီဇွဲလား၊ ဘိုလီဗီးယားနဲ့ နိုင်ကာရွာဂါနိုင်ငံတွေက သူ့ကို ခိုလှုံခွင့်ပေးမယ်လို့ ကမ်းလှမ်းထားကြပါတယ်။

ရုရှားလေဆိပ်ကနေ ထွက်ခွာလို့ရအောင် စနိုဒန်ကို ရုရှားအစိုးရက ခိုလှုံခွင့်ပေးတော့မယ်လို့ ရုရှားသတင်းဌာနတွေက ဗုဒ္ဓဟူးနေ့မှာ ပြောခဲ့ကြပေမယ့် သူ့ကိစ္စဟာ လိုအပ်တာထက် အချိန်ပိုကြာနေတာကြောင့် ရုရှားလေဆိပ်မှာပဲ ဆက်ရှိနေဦးမယ်လို့ သူ့ရှေ့နေက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG