သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား နိုင်ငံတွင်း ရုရှားဒုံကျည်တွေ ပစ်ခတ်


Caspian ပင်လယ်တွင်းကနေ စစ်သဘောၤ ၄ စင်းသုံးပြီး ဒုံးကျည်တွေနဲ့ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ တိုက်ခိုက်နေ။
Caspian ပင်လယ်တွင်းကနေ စစ်သဘောၤ ၄ စင်းသုံးပြီး ဒုံးကျည်တွေနဲ့ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ တိုက်ခိုက်နေ။

ဆီးရီးယား နိုင်ငံတွင်းက အစ္စလာမ္မစ် အစွန်းရောက် IS တို့ကို Caspian ပင်လယ်တွင်းကနေ စစ်သဘောၤ ၄ စင်းသုံးပြီး ဒုံးကျည်တွေနဲ့ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ တိုက်ခိုက်ခဲ့တယ်လို့ ဆီးရီးယား နိုင်ငံတွင်း လေကြောင်းတိုက်ခိုက်မှုတွေ ဆင်နွှဲနေတဲ့ ရုရှားက ပြောဆိုလိုက်ပါတယ်။ IS ပစ်မှတ် ၁၁ ခုကို စစ်သဘောၤတွေကနေ ပဲ့ထိန်း ဒုံးကျည် ၂၆ စင်းနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ရုရှားအဆို အရပ်သားတွေ ထိခိုက်ဒဏ်ရာ ရမှု မရှိဘူးလို့ ရုရှား ကာကွယ်ရေး ဝန်ကြီး Sergei Shoigu က သမ္မတ Vladimir Putin ကို တင်ပြခဲ့ပါတယ်။ ကီလိုမီတာ ၁,၅၀၀ အကွာလောက် အထိ ကောင်းကောင်းထိမှန်အောင် ဒုံးကျည်တွေနဲ့ ပစ်ခတ်နိုင်ခဲ့တယ်ဆိုတာကို တိုက်ခိုက်မှု ရလဒ်တွေက အတည်ပြုထားတယ် ဆိုပြီး ရုရှား ကာကွယ်ရေး ဝန်ကြီးက သမ္မတ ပူတင်ကို တင်ပြခဲ့တာပါ။

ဆီးရီးယား နိုင်ငံတွင်း သတင်းတပတ်ကြာ ရုရှားတို့ရဲ့ တိုက်ခိုက်မှု အပေါ် ဝေဖန်မှုတွေရှိလာပြီးနောက်ပိုင်း ရုရှားတို့က အမေရိကန်၊ တူရကီတို့နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ စဉ်းစားနေတဲ့ အချိန်မှာဘဲ အခု ရုရှား ရေတပ်ရဲ့ ဆီးရီးယား နိုင်ငံတွင်း တိုက်ခိုက်မှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ရုရှားတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေက Hama မြို့နဲ့ Idlib ခရိုင်အနီးအနား ဒေသတွေကို ထိမှန်ခဲ့သလိုဆီးရီးယား တပ်ဖွဲ့တွေက မြေပြင်ကနေ မြေပြင်ပစ် ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြတယ်လို့ ဆီးရီးယား နိုင်ငံတွင်း အကြမ်းဖက်မှုတွေကို စောင့်ကြည့်တဲ့ ဗြိတိန် အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ပြောပါတယ်။အမေရိကန်တို့ လေ့ကျင့်ပေးထားတဲ့ ဆီးရီးယား သူပုန်အဖွဲ့ရဲ့ Idlib က လေ့ကျင့်ရေး စခန်းကို ပြီးခဲ့တဲ့ သတင်းပတ်က ရုရှားတို့ဘက်က လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီးနောက် Aleppo ခရိုင်တွင်းမှာရှိတဲ့ သူပုန်တို့ရဲ့ လက်နက် သိုလှောင်ရုံကိုလည်း ရုရှားတို့က လေကြောင်းကနေ တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ သူပုန်အဖွဲ့ ခေါင်းဆောင် Liwa Suqour al-Jabal က ရိုင်တားစ် သတင်းဌာနကို ဒီကနေ့ ပြောဆိုပါတယ်။ ဆီးရီးယားနိုင်ငံတွင်းက အစ္စလာမ္မစ် အစွန်းရောက် IS တို့ကို ပူးပေါင်း ချေမှုန်းရေး ဆွေးနွေးဖို့ အမေရိကန်နဲ့ ရုရှား ကာကွယ်ရေးဆိုင်ရာ ကျွမ်းကျင်သူတွေ ဒီကနေ့မှာ ဆွေးနွေးကြဖို့ရှိတယ်လို့လည်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရက ပြောပါတယ်။ ပြီးခဲ့တဲ့ သတင်းပတ် အတွင်းမှာလည်း ရုရှားတို့ရဲ့ ကမ်းလှမ်းမှုနဲ့ အမေရိကန်နဲ့ ရုရှားတို့ ဆွေးနွေးခဲ့ကြတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Ash Carter က သတင်းထောက်တွေကို ပြောပါတယ်။

ဒီကိစ္စက နေတိုးမဟာမိတ်အဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးတွေ ကြာသပတေးနေ့ တွေ့ဆုံကြတဲ့အခါ ဆွေးနွေးမယ့်ကိစ္စ ဖြစ်တယ်လို့ပဲ သူက ပြောခဲ့ပါတယ်။ ရုရှားစစ်လေယာဉ်တွေ တူရကီ ဝေဟင်ပိုင်နက်ထဲကို ဝင်ရောက်တဲ့ ကိစ္စအပေါ် အမေရိကန်ဘက်က မှတ်ချက်ပေးဖို့ကိုတော့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး ကာတာက ငြင်းဆိုခဲ့ပြီး ဒီကိစ္စကို မနက်ဖြန် ကြာသပတေးနေ့ မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့ NATO အဖွဲ့ဝင် ကာကွယ်ရေး ဝန်ကြီးတွေ တွေ့ဆုံတဲ့ အခါမှာဆွေးနွေးကြမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG