သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NATO နဲ့အပြိုင် ရုရှား တပ်မကြီးတွေ ဖြန့် ထားမည်


အရှေ့ဥရောပမှာ မြောက်အတ္တလန္တိတ် စစ်စာချုပ် NATO အဖွဲ့ရဲ့ စစ်အင်အားကြီးထွားလာမှုကို တန်ပြန်တဲ့အနေနဲ့ ရုရှားနိုင်ငံက နယ်စပ်တလျှောက်မှာ တပ်မ ၃ ခု ဖြန့်ချထားမယ်လို့ ပြောပါတယ်။

ရုရှားရဲ့အနောက်ဘက်နဲ့ တောင်ဘက် နယ်စပ်တလျှောက်မှာ တပ်မသစ်တွေကို ချထားမှာဖြစ်တယ်လို့လည်း မော်စကိုမြို့မှာ ပြုလုပ်တဲ့ အစည်းအဝေး အပြီးမှာ ကာကွယ်ရေးဝန်ကြီး Sergei Shoigu က ဗုဒ္ဓဟူးနေ့မှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ရုရှားနယ်စပ်မှာ NATO တပ်ဖွဲ့တွေ တိုးမြှင့်ချထားလာတာကို တန်ပြန်ဖို့ ဒီနှစ်ကုန် နောက်ဆုံးထားပြီး အနောက်ဘက် စစ်ဒေသမှာ တပ်မအသစ် ၂ ခုနဲ့ တောင်ဘက် စစ်ဒေသမှာ တပ်မ ၁ ခု ဖြန့်ချထားမှာဖြစ်သလို၊ တပ်တွေချထားမယ့်နေရာတွေမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ စတင်နေပြီလို့လည်း ကာကွယ်ရေးဝန်ကြီးက ပြောဆိုခဲ့တာပါ။

တပ်အရွယ်အစား၊ အချိန်နဲ့ နေရာအတိအကျကိုတော့ အသေးစိတ် မပြောခဲ့ပါဘူး။ တပ်မအသစ်တွေ တိုးချဲ့မယ့် အစီအစဉ်ကို လွန်ခဲ့တဲ့ ဇန်နဝါရီတုန်းက ရုရှားကာကွယ်ရေးဝန်ကြီး ပထမဆုံးအကြိမ် ပြောဆိုစဉ်မှာတော့ ခန့်မှန်းခြေ တပ်ဖွဲ့ဝင်အင်အား ၃ သောင်းလောက် ပါဝင်လိမ့်မယ်လို့ လည်း မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး Ash Carter ကတော့ NATO အဖွဲ့ဝင်တွေဖြစ်တဲ့ ပိုလန်နဲ့ ဘောလ်တစ်ဒေသ ၃ နိုင်ငံဖြစ်တဲ့ လစ်သူယေးနီးယား၊ လတ်ဗီးယားနဲ့ အက်စ်တိုနီးယား တို့မှာ တပ်ဖွဲ့ဝင်အင်အား ၄၀၀၀ လောက်အထိ ဖြန့်ချထားဖို့ရာ စဉ်းစားနေတယ်လို့ ဒီတပတ်ထဲမှာ ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG