ယူကရိန်းနိုင်ငံက ထိပ်တန်းခေါင်းဆောင်တွေ အပါအ၀င် လူပေါင်း ၃၂၂ ယောက်နဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ ပိုင်ဆိုင်တဲ့ ကုမ္ပဏီ ၆၈ ခုကို ရုရှားက ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်လိုက်ပါတယ်။
ဒဏ်ခတ်မှုချမှတ်လိုက်တဲ့ လူပုဂ္ဂိုလ်စာရင်းမှာတော့ သမ္မတ Petro Poroshenko ရဲ့ သားဖြစ်သူ Oleksiy ပြည်ထဲရေးဝန်ကြီး Arsen Avakov လုံခြုံရေးဌာနအကြီးအကဲ၊ ဒုတိယ၀န်ကြီးချုပ် တို့အပြင် ၀န်ကြီးချုပ်ဟောင်း Yulia Tymoshenko တို့လည်း ပါဝင်ပါတယ်။ ပိတ်ဆို့ဒဏ်ခတ်လိုက်ကြောင်း ကြေညာချက်ကိုတော့ ရုရှားဝန်ကြီးချုပ် Dmitry Medvedev က လက်မှတ်ရေးထိုးပြီး၊ အစိုးရ၀ဘ်ဆိုဒ်မှာ ဒီနေ့ပဲ ထုတ်ပြန်လိုက်တာပါ။
ယူကရိန်းနိုင်ငံက ရုရှားနိုင်ငံသားတွေနဲ့ လုပ်ငန်းတွေ အဖွဲ့အစည်းတွေအပေါ် မိတ်ဆွေမဆန်တဲ့ လုပ်ရပ်တွေကို တန်ပြန်ဖို့နဲ့ ၂ နိုင်ငံကြား ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ဖို့ ရည်ရွယ်ပြီး ဒဏ်ခတ်မှုတွေ ချမှတ်လိုက်တာ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။ ဒဏ်ခတ်မှုအရ ရုရှားနိုင်ငံတွင်းက ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်မှာလည်း ဖြစ်ပါတယ်။
အရေးယူ ဒဏ်ခတ်ခံရသူတွေထဲမှာ ယူကရိန်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ တရားရုံး တရားသူကြီးတွေ၊ ဥပဒေပြု အမတ်တွေ၊ အစိုးရနဲ့ နီးစပ်သူတွေ၊ သမ္မတရုံးနဲ့ အမှုဆောင်အရာရှိတွေ၊ အဓိကကုမ္ပဏီကြီးတွေလည်း ပါဝင်ပါတယ်။
ယူကရိန်းကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေအပေါ် ပစ်မှတ်ထားပြီး စီးပွားရေးအရဒဏ်ခတ်ဖို့ အစိုးရကို ညွှန်ကြားထားတဲ့ အမိန့်တရပ်ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့မှာ သမ္မတ Vladimir Putin က လက်မှတ်ရေးထိုးခဲ့ပြီးနောက်မှာပဲ ၀န်ကြီးချုပ်ရဲ့ ကြေညာချက် ထွက်ပေါ်လာတာပါ။ သမ္မတ ပူတင်ရဲ့ အမိန့်မှာတော့ ရုရှားနိုင်ငံသားတွေနဲ့ ကုမ္ပဏီတွေအပေါ် ဒဏ်ခတ်မှုတွေ အားလုံးကို ယူကရိန်းနိုင်ငံက ရုပ်သိမ်းမှသာ ပယ်ဖျက်ဖို့လည်း ညွှန်ကြားထားပါတယ်။