သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအစိုးရရုံးတချို့ ရုရှားလိုလားသူတွေ စီးနင်းခံရ


လူထုဆန္ဒခံယူပွဲကျင်းပပေးဖို့ တောင်းဆိုဆန္ဒပြနေတဲ့ ယူကရိန်းနိုင်ငံအတွင်းက ရုရှားလိုလားသူများ။ (ဧပြီလ ၆၊ ၂၀၁၄)
လူထုဆန္ဒခံယူပွဲကျင်းပပေးဖို့ တောင်းဆိုဆန္ဒပြနေတဲ့ ယူကရိန်းနိုင်ငံအတွင်းက ရုရှားလိုလားသူများ။ (ဧပြီလ ၆၊ ၂၀၁၄)
ယူကရိန်းနိုင်ငံမှာ ရုရှားထောက်ခံတဲ့ ဆန္ဒပြလူစုကြီးဟာ နိုင်ငံအရှေ့ပိုင်းမှာ အစိုးရအဆောက်အအုံတွေကို ဖျက်ဆီးခဲ့ပြီး ရုရှားအလံတွေ လွှင့်ထူပြီး ဒေသဆန္ဒခံယူပွဲတွေ လုပ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

နိုင်ငံအရှေ့ပိုင်း မြို့ကြီးတခုဖြစ်တဲ့ Donetsk မှာ ကြီးမားတဲ့လူတစုဟာ ဒေသခံအစိုးရ အဆောက်အဦးထဲကို အတင်းဝင်ရောက်သွားကြပြီး တခါးတွေကို ပိတ်ဆို့ထားကာ ပြူတင်းပေါက်ကနေ ရုရှားအလံတခုကို လွှင့်ထူလိုက်ပါတယ်။

ဒီရုံးအောက်က မြို့ရင်ပြင်မှာလည်း ရာနဲ့ချီတဲ့ လူတွေစုဝေးနေကြပြီး ရုံးထဲကလူတွေကနေ ယူကရိန်းအလံကို ပြူတင်းပေါက်ကနေ လွှတ်ပစ်ချလိုက်တာကို ဝိုင်းပြီး သြဘာပေးနေကြပါတယ်။

အနီးနားက နောက်မြို့ကြီးတခုဖြစ်တဲ့ Luhansk မှာလည်း ဆန္ဒပြသူတွေက အစိုးရအဆောက်အအုံတခုထဲဝင်ရောက်နိုင်ခဲ့ပြီး အပြင်ဘက်မှာတော့ တုတ်ကိုင်ထားတဲ့လုံထိန်းတွေနဲ့ မျက်နှာဖုံးစွပ်ဆန္ဒပြသူတွေ အပြန်အလှန်တိုက်ခိုက်နေကြပါတယ်။ ဆန္ဒပြသူတွေဘက်က လေထဲမှာ ဗျောက်အိုးတွေ ပစ်ဖောက်လိုက်ပြီး တချို့ကဆိုရင် လုံထိန်းတွေရဲ့ အကာအရံ သတ္တုဒိုင်းတွေကို ခြေထောက်နဲ့ကန်ပြီး ဆွဲလုခဲ့ကြပါတယ်။

ယာယီ ယူကရိန်းသမ္မတရဲ့ ပြောခွင့်ရသူ Oleksandr Turchnyov က ဒီဆန္ဒပြပွဲတွေကြောင့် သူ့အနေနဲ့ တနင်္ဂနွေနေ့သွားမယ့် လီသူရေနီးယားနိုင်ငံခရီးစဉ်ကို ဖျက်လိုက်ရပြီး Kyiv မြို့တော်မှာ လုံခြုံရေးအရာရှိတွေနဲ့ အရေးပေါ်အစည်းအဝေး ထိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ယူကရိန်း ပြည်ထဲရေးဝန်ကြီး Arsen Avakov ကလည်း ဒီဆူပူမှုတွေဖြစ်အောင် ရုရှားသမ္မတ Vladimir Putin နဲ့ ယူကရိန်း သမ္မတဟောင်း Victor Yanukovych တို့နောက်ကနေ လှုံ့ဆော်ပြီး ငွေထောက်ပံ့ပေးနေတယ်လို့ လူမှုရေးအင်တာနက်စာမျက်နှာမှာ စွပ်စွဲလိုက်ပါတယ်။
XS
SM
MD
LG