သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားလက်အောက်က နယ်မြေတချို့ ယူကရိန်း ပြန်လည်သိမ်းပိုက်


Kharkiv ဒေသက ရုရှားတင့်ကားပျက်အနီးမှ ယူကရိန်းတပ်သားတဦးဖြတ်သွားစဉ်၊ စက်တင်ဘာ၁၁၊ ၂၀၂၂
Kharkiv ဒေသက ရုရှားတင့်ကားပျက်အနီးမှ ယူကရိန်းတပ်သားတဦးဖြတ်သွားစဉ်၊ စက်တင်ဘာ၁၁၊ ၂၀၂၂

ယူကရိန်း နိုင်ငံ အရှေ့မြောက်ပိုင်းက ကျေးရွာ အတော်များများကို ပြန်လည် သိမ်းယူနိုင်ခဲ့ပြီး ရုရှား တပ်ဖွဲ့ တချို့ နှစ်နိုင်ငံ နယ်စပ်ဘက်ကို တိုက်ထုတ်နေကြောင်း ယူကရိန်းကတနလာၤနေ့မှာ ပြောပါတယ်။ ယူကရိန်းနဲ့ ရုရှား တပ်ဖွဲ့တွေ နယ်မြေ သိမ်းပိုက်လိုက်၊ ပြန်ပြီး ဆုံးရှုံးလိုက်နဲ့ လနဲ့ချီ ကြာမြင့်လာပြီးနောက် စက်တင်ဘာလ အစောပိုင်းက စလို့ Kharkiv ဒေသတွင်းမှာ ရုတ်တရက် အသာစီးရလာမှု အပေါ် ယူကရိန်း ခေါင်းဆောင်တွေ ဝမ်းသာအားရ ဖြစ်နေကြပါတယ်။
ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနဘက်ကတော့ သူတို့ တပ်ဖွဲ့တွေ ပြန်လည် ဆုတ်ခွာနေတယ်ဆိုတာကို ဒီ သီတင်းပတ်ကုန်မှာ ဝန်ခံပြောဆိုထားပြီး အရှေ့ပိုင်း Donetsk ဒေသမှာ တပ်ဖွဲ့တွေ ပြန်လည် စုစည်းနေတာလို့ ပြောဆိုထားပါတယ်။ အရှေ့မြောက်ပိုင်း Kharkiv ဒေသရဲ့ ယူကရိန်း အုပ်ချုပ်ရေးမှူး Oleh Syniehubov ကတော့ ရှေ့တန်းက တချို့ ဒေသတွေမှာ ခုခံ တွန်းလှန်းသူတွေက ရုရှား နယ်စပ်ထိ ရောက်ရှိခဲ့ပြီး ရုရှား တပ်ဖွဲ့တွေ ဖရိုဖရဲနဲ့ ဆုတ်ခွာသွားရကြောင်း ပြောဆိုထားပါတယ်။
မနက်ပိုင်းမှာ ရုရှား တပ်ဖွဲ့တွေ ရှိနေခဲ့ကြောင်း၊ ဒါပေမယ့် နေ့ခင်းပိုင်းမှာတော့ ရုရှားတပ်ဖွဲ့တွေ အော်ဟစ် ဆူညံနေပြီး စပြီး ထွက်ပြေးကြကြောင်း၊ တင့်ကားတွေနဲ့ သံချပ်ကာ ကားတွေနဲ့ အမြန် ထွက်ခွာသွားကြကြောင်း နိုင်ငံ အရှေ့ပိုင်း ရှေ့တန်း ဒေသ အနီးက လွတ်မြောက်လာတဲ့ Zaliznychne မြို့ငယ်လေးက ဒေသခံ Dmytro Hrushchenko က Sky News ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ရက် အတွင်း ကျေးရွာ ၂၀ ကျော် ပြန်လည် သိမ်းယူနိုင်ခဲ့ကြောင်း ယူကရိန်း စစ်ဦးစီးချုပ်အဖွဲ့က ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

Unicode


XS
SM
MD
LG