သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အရေးယူမှုတန်ုပြန်ဖို့ ရုရှားကကန်နိုင်ငံသားအချို့ကို အမည်မည်းစားရင်းသွင်းမည်


အမေရိကန် ရွေးကောက်ပွဲတွေကို ကြားဝင်စွက်ဖက်မှုအတွက် ရုရှားအပေါ် အရေးယူဒဏ်ခတ်မှုတွေ ချမှတ်လိုက်တာကို တုံ့ပြန်တဲ့ အနေနဲ့ ရုရှားနိုင်ငံက သူ့ရဲ့အမည်မည်းစာရင်းမှာ အမေရိကန်နိုင်ငံသားတွေကို ထပ်မံထည့်သွင်းဖို့ ပြင်ဆင်နေပါတယ်။

အမေရိကန်တွေအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူဖို့နဲ့ နောက်ထပ် ဆောင်ရွက်မယ့် အစီအစဉ်တွေအတွက် ပြင်ဆင်နေကြောင်း ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Sergei Ryabkov ကို ကိုးကားပြီး ရုရှားသတင်းဌာန RIA Novosti က ဒီကနေ့ပဲ ဖော်ပြလိုက်တာပါ။ အမေရိကန်ဟာ ကမ္ဘာကြီးရဲ့ တည်ငြိမ်မှုကို ခြိမ်းခြောက်နေပြီး၊ ရုရှားအနေနဲ့ အမေရိကန်နဲ့ ဆွေးနွေးပြောဆိုမှုတွေကို ဆက်ထိန်းထားချင်ပေမဲ့၊ အမေရိကန်ရဲ့ နိုင်ငံရေး ခေါင်းမာမှုကြောင့် တန်ပြန်ဆောင်ရွက်ခဲ့ရတာ ဖြစ်ကြောင်းလည်း ရုရှားဒုနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုထားပါတယ်။

အမေရိကန်သမ္မတ Donald Trump အစိုးရကတော့ ၂၀၁၆ အမေရိကန် သမ္မတ ရွေးကောက်ပွဲကို ကြားဝင်နှောက်ယှက်ခဲ့တဲ့ စွပ်စွဲချက်နဲ့ ရုရှားနိုင်ငံသား ၁၉ ဦးနဲ့ ကုမ္ပဏီ ၅ ခုကို ပိတ်ဆို့ဒဏ်ခတ် အရေးယူလိုက်ကြောင်း မနေ့တုန်းကပဲ ကြေညာခဲ့တာပါ။ ဗြိတိန်နိုင်ငံမှာ နေထိုင်နေတဲ့ ရုရှားသူလျှိုဟောင်း တဦးကို အာရုံကြော ထိခိုက်စေတဲ့ ဓာတုအဆိပ်နဲ့ ကြိုးပမ်းမှုအတွက် စွပ်စွဲခံနေရတဲ့ ရုရှားအပေါ် နိုင်ငံတကာက ပြစ်တင်ဝေဖန်ရာမှာလည်း အမေရိကန်က ပါဝင်ခဲ့ပါတယ်။ ဗြိတိန်နိုင်ငံ Salisbury မြို့မှာ ရုရှားထောက်လှမ်းရေးဟောင်း အဆိပ်ခတ်ခံခဲ့ရတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်လို့ မနေ့တုန်းက သတင်းထောက်တွေ မေးမြန်းရာမှာတော့ သမ္မတ Trump က နောက်ကွယ်မှာ ရုရှားပါဝင်ပတ်သက်နေတာ သေချာသလောက် ရှိတဲ့အကြောင်း ပြောဆိုခဲ့တာပါ။

ဒီလ ၄ ရက်နေ့တုန်းက တိုက်ခိုက်မှုဟာ အလွန်အမင်း ဝမ်းနည်းစရာ ဖြစ်သလို၊ တခြားသူတွေနည်းတူ အမေရိကန်အနေနဲ့ ဒီဖြစ်ရပ်အပေါ် အလေးအနက် သဘောထားကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ အရင်တုန်းကတော့ ရုရှားသမ္မတ Vladimir Putin အပေါ် ဝေဖန်ဖို့ သမ္မတ Trump တွန့်ဆုတ်နေလေ့ ရှိပါတယ်။ ဓာတုအဆိပ်နဲ့ တိုက်ခိုက်မှုအတွက် ရုရှားအပေါ် ပြစ်တင်ဝေဖန်ထားတဲ့ ပူးတွဲကြေညာချက်တစောင် မနေ့တုန်းက ထုတ်ပြန်ရာမှာတော့ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနိုင်ငံတွေနဲ့အတူ အမေရိကန်သမ္မတလည်း ပါဝင်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG