သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံဝန်ထမ်းများနယ်နှင်ခံရမှု ရုရှားတုံ့ပြန်မည်


ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov
ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov

သူလျှိုတွေလို့ စွပ်စွဲခံထားရတဲ့ ရုရှားသံဝန်ထမ်း အယောက် ၆၀ အမေရိကန်ပြည်ထောင်စုထဲကနေ တပတ်အတွင်းက ထွက်သွားဖို့ တနင်္လာနေ့တုန်းက အမိန့်ထုတ်ပြန် ကြေညာလိုက်တဲ့အပေါ် ရုရှားအစိုးရက တုန့်ပြန်မယ့်အကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က ဒီကနေ့မှာ ပြောဆိုလိုက်ပါတယ်။

ပြင်သစ်၊ ဂျာမနီနဲ့ ပိုလန်နိုင်ငံတွေ အပါအဝင် တခြား နိုင်ငံ ၂၂ နိုင်ငံကလည်း ရုရှားထောက်လှမ်းရေးဝန်ထမ်း စုစုပေါင်း ၇၇ ယောက်ကို နိုင်ငံတွင်းက နှင်ထုတ်လိုက်တဲ့အကြောင်း အိမ်ဖြူတော်က ပြောဆိုထားပါတယ်။ ဗြိတိန်မှာ နေထိုင်တဲ့ ရုရှားသူလျှိုဟောင်းတဦးနဲ့ သူ့ရဲ့ သမီး ကို အာရုံကြောထိခိုက်စေတဲ့ အဆိပ်နဲ့ တိုက်ခိုက်ခဲ့တာဟာ ရုရှားအစိုးရရဲ့လုပ်ရပ်ဆိုပြီး ဗြိတိန်အစိုးရက ပြောဆိုထားသလို ဒီလုပ်ရပ်ကို တုန့်ပြန်တဲ့အနေနဲ့ သြစတေးလျက ရုရှားသံတမန် ၂ ဦးကို ပြည်နှင်ဒဏ်ပေးမယ်လို့ ဝန်ကြီးချုပ် Malcolm Turnbull က ဒီကနေ့ပြောပါတယ်။

အလားတူ ရည်ရွယ်ချက်နဲ့ပဲ ရုရှားသံတမန်တွေကို အမေရိကန်က မောင်းထုတ်လိုက်တာလည်း ဖြစ်ပါတယ်။ မတ်လ ၄ ရက်နေ့တုန်းက ဖြစ်ပွားခဲ့တဲ့ ရုရှားသူလျှိုဟောင်း အဆိပ်ခတ်ခံရမှုအပေါ် ဗြိတိန်နဲ့ အနောက်နိုင်ငံတွေအပြင် NATO ကလည်း ရုရှားကို အပြစ်တင်ထားပါတယ်။ တာဝေးပစ်မစ်ဆိုင်းဒုံးတင် ရေငုပ်သင်္ဘောဆိပ်နဲ့ ရေတပ်အခြေစိုက်စခန်းတို့နဲ့နီးတဲ့ အမေရိကန်ပြည်ထောင်စု Washington ပြည်နယ် ပစိဖိတ်ဆိပ်ကမ်းမြို့ Seattle က ရုရှားသံရုံးကို ဧပြီလ ၂ ရက်နေ့မှာ ပိတ်ဖို့ အမေရိကန်က အမိန့်ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အမေရိကန်တွင်း လက်မခံနိုင်လောက်အောင် များနေတဲ့ ရုရှားရဲ့ စစ်ဆင်ရေးတွေက ဒီသံရုံးကြောင့်လည်း ဖြစ်ပြီး လိုအပ်ရင် နောက်ထပ်အဆင့်တိုးလုပ်ဆောင်သွားမယ့်အကြောင်း အစိုးရအကြီးတန်းအရာရှိတဦးက ကြေညာချက်မထွက်မီ တနင်္လာနေ့တုန်းက သတင်းထောက်တွေကို ပြောပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်အင်္ဂါနေ့တုန်းက ရုရှားသမ္မတ Vladimir Putin နဲ့ စကားပြောခဲ့တဲ့ အမေရိကန်သမ္မတ Trump ကလည်း ရုရှုားသံတမန်တွေ နှင်ထုတ်ရေး ဆွေးနွေးမှုမှာ ပါဝင်ခဲ့တဲ့အကြောင်း တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။

XS
SM
MD
LG