သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နဲ့ ရုရှား နိုင်ငံခြားရေးဝန်ကြီး နှစ်ဦး တွေ့ဆုံ


ရုရှား နိုင်ငံခြားရေး ဝန်ကြီး Sergei Lavrov နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး John Kerry
ရုရှား နိုင်ငံခြားရေး ဝန်ကြီး Sergei Lavrov နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး John Kerry

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး John Kerry နဲ့ ရုရှား နိုင်ငံခြားရေး ဝန်ကြီး Sergei Lavrov တို့ ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်ခ် မြို့တော်မှာ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဆီးရီးယား နိုင်ငံရေး တည်ငြိမ်ဖို့ အတွက် နိုင်ငံတကာရဲ့ ပံ့ပိုးမှု၊ မြောက်ကိုရီးယားရဲ့ အခု နောက်ဆုံး နျူးကလီးယား စမ်းသပ်မှုတို့ အပါအဝင် အကြောင်းအရာတွေ ဆွေးနွေးကြမယ့် ဥရောပ၊ အရှေ့အလယ်ပိုင်းနဲ့ အာရှ ခရီးစဉ် တစိတ်တပိုင်းအနေနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဒီကနေ့ ဆွစ်ဇာလန်ကို ရောက်ရှိလာတာပါ။ ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မရေမရာဖြစ်နေတဲ့ အရေးကြီးတဲ့ အချိန်မှာဘဲ အမေရိကန် နဲ့ ရုရှားတို့ရဲ့ ဆွေးနွေးပွဲ ဖြစ်လာခဲ့တာပါ။

ဆီးရီးယား အစိုးရနဲ့ အတိုက်အခံတို့ကြား စေ့စပ်ညှိနှိုင်းနိုင်ဖို့ ကုလ သမဂ္ဂက ဦးဆောင်တဲ့ နိုင်ငံတကာ ဆီးရီးယား အထောက်အကူပြု အဖွဲ့မှာ အမေရိကန် ပြည်ထောင်စုနဲ့ ရုရှားတို့လည်း ပါဝင်ကြပါတယ်။

ဒါပေမယ့် ဆီးရီးယား သမ္မတ Bashar al-Assad ကို ထောက်ပံ့ပေးမှု အပေါ်မှာလည်း နှစ်နိုင်ငံကြား ဆန့်ကျင်ဘက် ဖြစ်နေကြတာပါ။ဒီဆွေးနွေးပွဲမှာ အတိုက်အခံ ကိုယ်စားလှယ်တွေ အဖြစ် ဘယ်သူတွေ တက်ရောက်သင့်သလဲ ဆိုတဲ့ အပေါ်မှာ သဘောတူညီချက် မရမချင်း ဆွေးနွေးပွဲ အတွက် ဖိတ်ကြားနိုင်မှာ မဟုတ်ဘူးလို့လည်း တနလာၤနေ့တုန်းက ကုလသမဂ္ဂ ပြောခွင့်ရ တဦးက ပြောဆိုထားပါတယ်။

အစောပိုင်းတုန်းကတော့ ဆီးရီးယား အစိုးရက ဆွေးနွေးပွဲ မတိုင်ခင်မှာ အတိုက်အခံ စာရင်းကို ကြည့်ချင်တယ်လို့ပြောဆိုခဲ့တာပါ။ အမေရိကန်နဲ့ ရုရှား နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံမှု နောက်မှာတော့ ဆီးရီးယား ဆွေးနွေးပွဲအတွက် အချက်အလက်တွေ ပိုပြီး ရှင်းရှင်းလင်းလင်း ဖြစ်သွားနိုင်ပါတယ်လို့ ရုရှား ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Mikhail Bogdanov က ပြောဆိုတဲ့ အကြောင်း ရုရှား Interfax သတင်းဌာနက ဖော်ပြပါတယ်။

XS
SM
MD
LG